တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသူ မြန်မာနိုင်ငံသား သောင်းချီရှိနေ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြစ်ကျော် ဝင်ရောက်ကာအလုပ်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့မှုကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီး ခြင်းကိုခံနေရသူ မြန်မာနိုင်ငံသား သောင်းချီ အထိရှိနေကြောင်း ရွှေ့ပြောင်း အလုပ်သမားအ ရေး ဆောင်ရွက်သူများ ထံကသိရသည်။

01 Jul 2022

မဲဆောက်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် မြန်မာနိုင်ငံသား အချို့ဖမ်းဆီးခံနေရပုံ။ (ဓာတ်ပုံ- မြဝတီ&မဲဆောက်မီဒီယာ)

DMG ၊ ဇူလိုင် ၁

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြစ်ကျော် ဝင်ရောက်ကာအလုပ်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့မှုကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီး ခြင်းကိုခံနေရသူ မြန်မာနိုင်ငံသား သောင်းချီ အထိရှိနေကြောင်း ရွှေ့ပြောင်း အလုပ်သမားအ ရေး ဆောင်ရွက်သူများ ထံကသိရသည်။

ထိုဖြစ်စဉ်များမှာ မြန်မာစစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လမှ ယခု ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရသူ မြန်မာနိုင်ငံသား၂၀၀၀၀ ကျော်အထိ ရှိနေပြီး ထိုအထဲတွင် တချို့က ထောင်ဒဏ်ချမှတ်ခံရခြင်းရှိပြီး တချို့မှာလည်း မြန်မာဘက်ခြမ်းသို့ ပြန်လည်လွှဲပြောင်းပေးမှု တွေရှိခဲ့ကြောင်း မြန်မာရွှေ့ပြောင်း လုပ်သားရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

 “ထိုင်းနိုင်ငံကို တရားမဝင်တဲ့ လမ်းကနေ ဝင်ရောက်လာသူ တွေကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက စစ်ဆေး ဖမ်းဆီးအရေးယူမှု တွေကနေ့စဉ်ရှိနေပါတယ်။ စစ်ဆေးရေးဂိတ်ဖြတ်သန်းတဲ့အချိန်က အများဆုံး ဖမ်းမိတာပေါ့။ ဖမ်းဆီးခံရပြီးတော့မြန်မာဘက်ခြမ်းကို ပြန်လည်ပို့ခံခဲ့ရတဲ့ သူနဲ့ထောင်ချခံရတဲ့သူတွေကလည်း အများကြီးကို ဖြစ်နေပါတယ် ” ဟု မဲဆောက်တွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်း လုပ်သားကူ ညီရေးဆောင်ရွက်နေသူ တစ်ဦးကပြောသည်။

ထိုသို့ ရှာဖွေဖမ်းဆီးမှုများတွင် ကယ်ရီဖြစ် ဆောင်ရွက်ပေးနေသူ ယာဉ်မောင်းများ ထွက်ပြေးမှုများကြောင့် ထိုင်းအာဏာပိုင်များမှ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှုများတွင် သေဆုံးသူများလည်း များစွာရှိနေသည်။

ထိုဖြစ်စဉ်များကြောင့် သေဆုံးသူအရေအတွက် အတိအကျကို စာရင်းကောက်ယူရန် အခက်အခဲရှိ နေသော်လည်း ၂၀၂၂ ခုနှစ် မေလနှင့် ဇွန်လတို့၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီပေးနေသူ ကိုဝေက ဆိုသည်။

“ပစ်ခတ်ဖမ်းဆီးမှုတွေက အခုနှစ် မေလနဲ့ ဇွန်လမှာ အများဆုံးဖြစ်တယ်။ နီးစပ်ဆုံးဆို မေလ ဒုတိယ အပတ်ကပဲ မဲဆောက်ကိုလာတဲ့ ကားတစ်စီးကို ထိုင်းရဲတွေက မသင်္ကာလို့ စစ်တာပေါ့ ကားရပ်ခိုင်းတာ မရပ်လို့ လိုက်ပစ်တာက မြန်မာအမျိုး သမီးတစ်ဦး သေနတ်မှန်ပြီး သေသွားတယ်ပေါ့။ နေုာက်ဇွန်လ ၁၁ ရက်ည ပိုင်းမှာ လည်း အဲ့လိုပဲ။ ယာဉ်မောင်းပြေးလို့ လိုက်ပစ်တာ ကျိုက်ထိုနဲ့ မော်လမြိုင်က ကောင်လေး (၄) ယောက် သေနတ်မှန်သွား တယ်ပေါ့နော် ” ဟု ကိုဝေက ဆိုသည်။

ထို့ကြောင့် တရားဝင်စိတ်ချရသည့် ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အဖွဲ့များဖြင့် ချိတ်ဆက်ကာ ထိုင်းနိုင်ငံသို့ သွားရောက်စေလိုကြောင်းလည်း ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူ တစ်ဦးက အကြံပြုသည်။

“တရား မဝင်သွားရောက်တဲ့ အတွက် အခုလို ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ပစ်ခတ်ခံရလို့ အသက်သေဆုံး တာတွေ မဖြစ်သင့်ပဲ ဖြစ်ရတယ်။ အဲဒီအတွက်စိတ်မကောင်း ဖြစ်မိပါတယ်။ တကယ်လို့ပေါ့ အလုပ်အ ကိုင်ကြောင့် ထွက်ခွာ ရမယ်ဆိုရင်စိတ်ချရ တဲ့ တရားဝင်အလုပ်အကိုင် အေဂျင်စီနဲ့ ချိတ်ဆက်ပြီး တော့ပဲ သွားစေ ချင်တယ်။ MOU စနစ်နဲ့ ထွက်တာအကောင်းဆုံးလို့ အကြံပေးချင်ပါတယ် ” ဟု အဆိုပါ တာဝန်ရှိသူ တစ်ဦးကအကြံပြုသည်။

သို့သော်လည်း ထိုသို့ MOU စနစ်ဖြင့် သွားရောက်ရန်မှာ လက်ရှိတွင် ငွေကြေး စရိတ်စခ ကုန်ကျမှုများစွာ ရှိနေမှုကြောင့် အလုပ်သမားများမှာ အဆင်မပြေမှုတို့ရှိနေကြောင်းလည်း မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်နေသူ ရွှေ့ပြောင်း အလုပ်သမား တစ်ဦးက ဆိုသည်။

“MOU စနစ်နဲ့ ကျတော့လည်း ထိုင်းကို လာဖို့ က မသေချာဘူး ဖြစ်နေတယ်။ အခုလာ ကြတယ်ဆိုတဲ့ သူတွေက အရင်ကလျှောက်ထားပြီးတဲ့လူတွေ။ အခုဆို ကုန်ကျစရိတ်ကနှစ်ဆလောက်ရှိတယ်။ အနည်းဆုံးသိန်း (၃၀) နီးပါးလောက်ရှိတယ်။ အဲလောက်လည်း မတတ်နိုင်တော့ ဖြစ်တဲ့နည်းနဲ့ လာပြီးလာ လုပ်နေကြ ရတာ ” ဟု ၎င်းကဆိုသည်။

ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့မှ တဆင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းသူအများစုမှာ ကရင်၊ မွန်၊ ရန်ကုန်၊ ဧရာဝတီ နှင့် ပဲခူးတိုင်း တို့မှရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြောင်း လည်း သိရသည်။

ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ထားသော စာရင်းအရ ထိုင်းနိုင်ငံတွင် တရားဝင်အထောက်အထားရှိသော မြန်မာအလုပ်သမား ၁ ဒသမ ၆ သန်းခန့်ရှိပြီး ၎င်းတို့မှာ မြန်မာ ပြည်တွင်း အလုပ်အကိုင် ရှားပါးမှုများကြောင့် ရွှေ့ပြောင်းလုပ်ကိုင်လာကြသူများဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း အထောထားမဲ့ မြန်မာအလုပ်သမား ပမာဏမှာ ယင်းထက်ပိုမိုနိုင်ကြောင်းနှင့် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၄ သန်းနီးပါး ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေနိုင်သည်ဟုလည်း ရွှေ့ပြောင်းအလုပ်သမားများ ကို အကူအညီပေးနေသည့် ထိုင်းအခြေစိုက် အဖွဲ့အစည်းများက ခန့်မှန်းထား ကြသည်။

ဗီဒီယိုများ