စစ်ပွဲကာလများတွင် အရပ်သားများကိုအသုံးမချကြရန် ရခိုင်ဒေသခံများတိုက်တွန်း

လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ပွဲကာလများတွင် အရပ်သားများကို လူသားဒိုင်းကာပြုလုပ်ခြင်း၊ အရပ်သားများကို အသုံးချခြင်းတို့ကိုရှောင်ရှားကြရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံတို့က တိုက်တွန်းပြောဆိုကြသည်။

09 Feb 2022

Photo - Online

DMG ၊ ဖေဖော်ဝါရီ ၉

လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ပွဲကာလများတွင် အရပ်သားများကို လူသားဒိုင်းကာပြုလုပ်ခြင်း၊ အရပ်သားများကို အသုံးချခြင်းတို့ကိုရှောင်ရှားကြရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံတို့က တိုက်တွန်းပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာအနီးတွင် မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များကို တင်ဆောင်လာသည့် အရပ်သားကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခဲ့ပြီးနောက် ယင်းသို့တိုက်တွန်းကြခြင်းဖြစ်သည်။

“ဒေသခံပြည်သူတွေကို ထိခိုက်နစ်နာစေတယ်။ စစ်နဲ့မဆိုင်တဲ့ပြည်သူတွေကို စစ်ပွဲကိုခေါ်သွင်းသလို မိုင်းကွင်းတွေကိုခေါ်သွင်းသလိုဖြစ်နေတယ်။ အဲဒါတွေက မဖြစ်သင့်တဲ့ကိစ္စတွေလို့မြင်ပါတယ်”ဟု မြေပုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောသည်။

ထို့ပြင် စစ်ကြောင်းများသွားလာသည့်အခါတွင်လည်း အရပ်သားယာဉ်များကို အသုံးမပြုသင့်ကြောင်း၊ ဒေသခံများကို လမ်းပြအဖြစ်အသုံးမပြုသင့်ကြောင့် ဝံလက်ဖောင်းဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။

“စစ်ဒဏ်ကြောင့် ပြည်သူသိန်းနဲ့ချီပြီး ဒုက္ခရောက်နေခဲ့တာတွေရှိတယ်။ စစ်ဖြစ်လာရင်တောင် အရပ်သားပြည်သူတွေ ထိခိုက်မှုကို လျော့ချဖို့လိုအပ်တယ်။ နှစ်ဖက်စစ်တပ်ကလည်း အရပ်သားပြည်သူကိုဦးတည်ပြီး တိုက်ပွဲဖော်ဆောင်တဲ့ပုံစံမျိုး မလုပ်ဖို့လိုအပ်တယ်။ စစ်ကြောင်းတွေသွားလာတဲ့အခါမှာ အရပ်သားယာဉ်တွေကို အသုံးမပြုဖို့ကလည်းအရေးကြီးတယ်။ အဲဒါကို ရှောင်ကြည်သင့်တယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားလျှင် ဒေသခံများ အထိအခိုက်လျှော့နည်းအောင် ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကာ မြို့၊ရွာအနီးများတွင် တိုက်ပွဲဖော်ဆောင်ခြင်းများမလုပ်သင့်ဟု ဒေသခံများကအကြံပြုကြသည်။

ရသေ့တောင်မြို့နယ်မှ ‌ဒေသခံ ကိုဘက္ကာက “ဒေသခံတွေကို လမ်းပြအဖြစ်သော်လည်းကောင်း၊ လူသားဒိုင်းကာအဖြစ်သော်လည်းကောင်း လုံးဝအသုံးမပြုဖို့တောင်းဆိုချင်တယ်။ ဘယ်သူပဲအုပ်ချုပ်ချုပ်၊ ဘယ်လူမျိုးပဲအုပ်ချုပ်ချုပ် နိုင်ငံတစ်နိုင်ငံမှာ မိဘနေရာကအုပ်ချုပ်နေမယ်ဆိုရင် ပြည်သူတွေအပေါ်မှာ တာဝန်ယူမှု၊တာဝန်ခံမှုတွေရှိသင့်တယ်”ဟု ပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာအနီးတွင် မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များကို တင်ဆောင်လာသည့် အရပ်သားကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း ဒေသခံများက မီဒီယာများကိုပြောဆိုထားသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ဗီဒီယိုများ