ရခိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပေါ် ဝေဖန်မှုများရှိနေ

ရခိုင်ပြည်နယ်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စရပ်များအား တင်ပြတိုင်ကြားရာတွင် တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမရှိဟုဆိုပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အပေါ် ဝေဖန်မှုများရှိနေ ကြသည်။

By အောင်ထိန် 22 Jul 2020

ပုံစာ - မင်းပြားမြို့နယ်တွင် တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးနောက် သတင်းအစအန ပျောက်ဆုံးနေသည့် လင်ယောက်ျားဖြစ်သူ၏ အရိုးကျနေသည့် ရုပ်အလောင်းအား အဝတ်အစားကိုကြည့်ပြီး သူမ၏လင်ယောက်ျားဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။။

အောင်ထိန် | DMG
ဇူလိုင် ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စရပ်များအား တင်ပြတိုင်ကြားရာတွင် တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမရှိဟုဆိုပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အပေါ် ဝေဖန်မှုများရှိနေ ကြသည်။

တိုက်ပွဲကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၀ ခန့်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတရာ လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း ရခိုင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ထိထိရောက်ရောက် ဆောင်ရွက်စေချင်တယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို လျှောက်လှမ်းနေတယ်လို့ ပြောတယ်။ ဒီမိုကရေစီရှိရင် လူ့အခွင့်အရေးရှိရမယ်။ လူ့အခွင့်အရေးရှိရင် ဒီမိုကရေစီရှိရမယ်။ အဲဒီတော့ အခုက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ရှင်သန်မှုမရှိဘူး” ဟု ဦးမြတ်ထွန်းက ဆိုသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ တင်ပြခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများထဲတွင် မတရားဖမ်းဆီးခံရမှု၊ မတရားသတ်ဖြတ်ခံရမှုတို့ အများဆုံးပါဝင်ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်ပေးမှုအားနည်းသော်လည်း ရခိုင်ပြည်နယ်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို စဉ်ဆက်မပြတ် တင်ပြသွားမည်ဖြစ်ကြောင်း ဦးမြတ်ထွန်းကပြောသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ဒေသခံ ၁၈ ဦးကို တပ်မတော်က ဖမ်းဆီးသွားသည်မှာ ၅ လခန့်ကြာ မြင့်နေပြီဖြစ်သော်လည်း ယနေ့အချိန်ထိ သတင်းအစအန မရရှိသေးပေ။

“သူတို့ အသက်ရှင်ပြီးရှိရင်တော့ တွေ့ခွင့်ရချင်တယ်။ သူတို့မှာ အပြစ်ရှိရင်းလည်း ထိုက်သင့်တဲ့အပြစ်ကို ပေးလိုက်ပါ။ အခုက သေသွားလား၊ အသက်ရှင်နေလားဆိုတာလည်း မသိရဘူး။ ဒါကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ကျေးဇူးပြုပြီးတော့ ဖော်ထုတ်ပေးစေချင်တယ်” ဟု ဖမ်းဆီးခံထားရသူများထဲမှ ကိုကြည်လင်း၏ အစ်ကိုဖြစ်သူ ဦးအောင်ညွှန့်သိန်းကဆိုသည်။

အလားတူ ဧပြီလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ ၅ ဦးအား တပ်မတော်သားများက ဖမ်းဆီးကာ ညှဉ်းပမ်းနှိပ်စက်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

တပ်မတော်မှ ယင်းဖြစ်ရပ်သည် မှန်ကန်ကြောင်းဝန်ခံကာ ဥပဒေနှင့်မလျှော်ညီဘဲ စစ်ဆေးဆောင်ရွက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို စစ်စည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထား သော်လည်း လက်ရှိအချိန်ထိ တစ်စုံတရာ ထူးခြားမလာသေးပေ။

ကျောက်တော်မြို့နယ်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှု ၆ မှုကို လွှတ်တော်ကိုယ်စားလှယ်များက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တင်ပြခဲ့ရာ ၃ မှုကိုသာ အကြောင်းပြန်ကြားခဲ့သည်ဟု ဆိုသည်။ သို့သော် ယင်းအကြောင်းပြန်ကြားသည့် ၃ မှုမှာလည်း ကာယကံရှင်များကို ဆက်သွယ်စုံစမ်း မေးမြန်းမှု မရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အမှန်တကယ် လူ့အခွင့်အရေးချိုးဖောက်မှု ရှိ/မရှိကို ပထမဆုံး ကွင်းစစ်ဆေးသည့်အနေဖြင့် လုပ်ဆောင်သင့်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ခေါင်းစဉ်ကြီးကြီးမားမားနဲ့ ဖွဲ့စည်းပုံအရ ရှိခဲ့တဲ့ အဖွဲ့ အစည်းကြီးတစ်ခုဟာ လောလောဆယ်ထိကတော့ အမည်ခံသက်သက်ဖြစ်နေတယ်”ဟု ဦးဦးထွန်းဝင်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC)မှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ၂၀၁၈ ခုနှစ်က တင်ပြ ခဲ့သော်လည်း တုန့်ပြန်မှုမရှိသဖြင့် ၂၀၁၉ ခုနှစ်အတွင်း တင်ပြမှုများကို ရပ်တန့်ထားခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၀ ခုနှစ်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ကိုဇော်မင်းထွန်း ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ဇူလိုင်လ ၁၇ ရက်နေ့ကတင်ပြခဲ့ရာ ယနေ့အချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း AASYC မှ အထွေထွေအတွင်းရေးမှူး ကိုတိန်ဦးကပြောသည်။

“ရခိုင်ပြည်မှာ သီးသန့်ကော်မရှင်တစ်ရပ် ဖွဲ့ဖို့လိုနေပြီ။ ရခိုင်ပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရခိုင်ပြည်က ကော်မရှင်နဲ့စီစစ်။ အလှမ်းလဲ မဝေးတော့ဘူး။ ဘယ်အချိန်မဆို တိုင်ကြားလို့ရတယ်။ ရခိုင်ပြည်က ကော်မရှင်လည်း ပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်။ လက်ရှိမှာ လုံးဝကာကွယ် မပေးနိုင်ဘူး” ဟု ကိုတိန်ဦးကဆိုသည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာကို AASYC မှ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ပေးပို့ခဲ့သည်။

ယင်းသို့ ပေးပို့ရာ၌ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူများ၊ လွှတ်တော် အမတ်များနှင့် လူမှုရေးအဖွဲ့အစည်းများပါဝင်သော သီးသန့်လူ့အခွင့်အရေးကော်မရှင်တစ်ရပ် ဖွဲ့စည်း ပေးရန်လည်း တောင်းဆိုခဲ့သည်။

ယခုကဲ့သို့ ဝေဖန်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ တုန့်ပြန်ချက်ကိုရရှိ နိုင်ရန် DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ၂၀၂၀ ခုနှစ် မတ်လတွင် အမှုပေါင်း ၂၈၀ ကျော်၊ ဧပြီလတွင် အမှုပေါင်း ၃၆၀ ကျော်နှင့် မေလတွင် အမှုပေါင်း ၂၀၀ ကို စိစစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ