ပုဒ်မ-၅၀၅(ခ)နှင့် တရားစွဲဆိုခံထားရသည့် သံတွဲဒေသခံ ကိုဟန်မျိုးသူရိန်ကို ယခုလပထမပတ်တွင်ရုံးထုတ်မည်

ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲဒေသခံ ကိုဟန်မျိုးသူရိန်အမှုကို ယခုမတ်လ ၇ ရက်နေ့တွင် ရုံးထုတ်ရန်ရှိနေကြောင်း မိသားစုထံမှသိရသည်။

02 Mar 2022

DMG ၊ မတ် ၂

ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲဒေသခံ ကိုဟန်မျိုးသူရိန်အမှုကို ယခုမတ်လ ၇ ရက်နေ့တွင် ရုံးထုတ်ရန်ရှိနေကြောင်း မိသားစုထံမှသိရသည်။

အသက် ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန်မှ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက သံတွဲမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့ကိုတားဆီးသည်ဟုဆိုကာ ၎င်းကို သံတွဲမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းက တရားလိုပြုလုပ်ပြီး ပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

ထိုသို့အမှုဖွင့်ခံထားရ၍ ကိုဟန်မျိုးသူရိန်မှာ တိမ်းရှောင်နေခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

ကိုဟန်မျိုးသူရိန်ကိုဖမ်းဆီးပြီး ချုပ်ရမန်ယူစစ်ဆေးကာ ယခုမတ်လ ၇ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန်ချိန်းဆိုထားသည်ဟု အစ်မဖြစ်သူ မမျိုးတင်ဇာထွန်းကပြောသည်။

"ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ချုပ်ရမန်ပြည့်လို တရားရုံးမှာ အာမခံလျှောက်လဲချက်တင်တော့ ပုဒ်မက အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်နေလို့ အာမခံမရခဲ့ဘူး။ မတ်လ ၇ ရက်နေ့မှာ အမှုကိုစတင်စစ်ဆေးဖို့ ရုံးချိန်းထားတယ်။ ကျမတို့အနေနဲ့ပြောချင်တာက အမှုကိုဘက်လိုက်မှုမရှိဘဲ အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေချင်တယ်"ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံထားရသည့် ကိုဟန်မျိုးသူရိန်သည် ဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းများတွင် တက်ကြွစွာပူးပေါင်းလုပ်ဆောင်နေသူတစ်ဦးဖြစ်သကဲ့သို့ NGO အဖွဲ့အစည်းများတွင်လည်း လူ့အခွင့်အရေးသင်တန်းများကို ပို့ချနေသူတစ်ဦးဖြစ်သည်။

ဗီဒီယိုများ