ရခိုင်တွင် ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာအလုံး ၄၀ ကို ပြန်ဖွင့်ခွင့်ပြုထား

ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ ၉၈ လုံးအနက် လက်ရှိတွင် အလုံး ၄၀ ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

By သီဟ 20 Jan 2021

သီဟ | DMG
ဇန်နဝါရီ ၂၀ ၊ စစ်တွေ

ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ ၉၈ လုံးအနက် လက်ရှိတွင် အလုံး ၄၀ ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယင်းသို့ဖွင့်လှစ်ရာတွင် စစ်တွေတွင် ၁၅ လုံး၊ မြောက်ဦးတွင် ၁ လုံး၊ ကျောက်ဖြူတွင် ၈ လုံးနှင့် သံတွဲ မြို့နယ်တွင် ၁၆ လုံးတို့ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှချမှတ်ထားသည့် ညွှန်ကြားချက်များနှင့်ညီ၊ မညီစီစစ်ကာ ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်ကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ခံဦးရဲအောင်မိုးက ပြောသည်။

“လက်ရှိပွင့်လင်းရာသီကာလမှာ ခရီးသွားလာမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့်ကနေစပြီး ဖြေလျှော့မှုတွေ ရှိလာတာရယ်၊ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ မရှိသေးတဲ့အချိန်မှာ ပြည်တွင်းခရီးသွားတွေကိုမျှော်ပြီး ဖွင့်ခွင့်တောင်းလာကြတဲ့အတွက် ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်ကိုပါယူပြီး ခွင့်ပြုပေးနေတာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်သို့လာရောက်သည့် ခရီးသွားများ ဝန်ဆောင်မှုကောင်းများရရှိရေးအတွက် ဟိုတယ်နှင့်အဆင့်မြင့် ဧည့်ရိပ်သာများရှိ ဝန်ထမ်းများအား စနစ်တကျဝန်ဆောင်မှုပေးရေးဆိုင်ရာ သင်တန်းများကိုလည်း ပို့ချပေးလျှက်ရှိကြောင်းလည်း ဦးရဲအောင်မိုးက ပြောသည်။

မြောက်ဦးမြို့နှင့် ငပလီမြို့တို့သည် ခရီးသွားများ အဓိကလာရောက်လည်ပတ်ရာ နေရာဖြစ်သော်လည်း နယ်မြေမတည်ငြိမ်မှုအချို့ကြောင့် မြောက်ဦးမြို့သို့ ခရီးသွားဝင်ရောက်မှုမရှိသလောက် နည်းပါးသွားခဲ့ ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့အထိစာရင်းအရ Covid -19 ရောပိုးတွေ့လူနာ ၄၁၁၀ ဦး၊ ဆေးကု သမှုခံယူနေသူ ၂၀ ကျော်နှင့် သေဆုံးသူ ၃၆ ဦးရှိကြောင်း၊ ပိုးတွေ့ရှိသူဦးရေ တဖြည်းဖြည်းနည်းလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“စစ်တဲ့လူထဲမှာပိုးတွေ့နှုန်းကတော့ (၀ ဒသမ ၂)လောက်ပဲရှိတော့တယ်။ လူတစ်ထောင်စစ်မှ (၂)ယောက် လောက်ပဲတွေ့တော့တယ်။ အရင်တုန်းကဆိုရင် လူ(၁၀၀)စစ်ရင် ၃၀ ကျော်လောက်တွေ့ခဲ့ရာကနေ အခုလိုမျိုး အထိကျဆင်းလာတာပါ။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကိုတော့ ဆက်ပြီး လိုက်နာဖို့လိုအပ်ပါသေးတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဒေသမတည်ငြိမ်မှုနှင့် ကိုဗစ်ရောဂါထိန်းချုပ်ရေးတို့ကြောင့် အသွားအလာ ကန့်သတ်မှုများရှိခဲ့ရာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

ထိုသို့ ခရီးသွားလာရောက်မှုကျဆင်းခဲ့သည်နှင့်အမျှ ခရီးသွားလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေကြသည့် ဒေသခံ များမှာလည်း အလုပ်အကိုင်အဆင်မပြေမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိငါးနှစ်တာအား ကာလတို၊ ကာလရှည်စီမံကိန်းရေးဆွဲကာ နှစ်အလိုက် ဆောင်ရွက်သွား ရန်စီစဉ်ထားကြောင်း သိရသည်။

ဗီဒီယိုများ