မိုးတွင်းကာလ ငပလီတွင် ဟိုတယ် ၃၀ ကျော် ရပ်နားထားရ

“မိုးတွင်းကာလကျတော့ ဧည့်သည်လာတာလည်း နည်းတယ်။ ပိတ်တာမဟုတ်ဘူး။ တချို့ကျတော့လည်း လေးငါးခြောက်ခန်း ဖွင့်ကြတာရှိတယ်။  လုံးလုံးကြီး ပိတ်လိုက်တာမဟုတ်ဘူး။ ရပ်ထားတဲ့ သဘောပေါ့။ ရပ်ထားတဲ့ဟိုတယ်က သုံးဆယ်ကျော်ပေါ့။ နှစ်တိုင်း မိုးတွင်းဆိုရင် ရပ်ထားတာပါ”

22 Jul 2019

စိမ်းကိုကို | DMG

ဇူလိုင် ၂၂၊ သံတွဲ

ရခိုင်ပြည်နယ်၊သံတွဲခရိုင် ငပလီမြို့နယ်ရှိ ဟိုတယ်လုပ်ငန်းများမှာ မိုးရာသီဖြစ်သဖြင့် ဟိုတယ်အလုံး ၃၀ ကျော်ခန့် (ယာယီ) ရပ်နားထားရကြောင်း သံတွဲခရိုင် ဟိုတယ်နှင့်ခရီးသွားဦးစီးဌာနမှ သိရသည်။

ငပလီကမ်းခြေသည် ကမ္ဘာ့လှည့်ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ အများအပြားလာရောက်လည် ပတ်ကြသည့် ကမ်းခြေတစ်ခုဖြစ်သော်လည်း မိုးရာသီတွင် ရာသီတုအခြေအနေကြောင့် ဟိုတည်တချို့မှာ နှစ်စဉ် ယာယီရပ်ထားပြီး ပွင့်လင့်ရာသီရောက်မှ ပြန်လည်ဖွင့်လှစ်ကြခြင်းဖြစ်သည်။

“မိုးတွင်းကာလကျတော့ ဧည့်သည်လာတာလည်း နည်းတယ်။ ပိတ်တာမဟုတ်ဘူး။ တချို့ကျတော့လည်း လေးငါးခြောက်ခန်း ဖွင့်ကြတာရှိတယ်။  လုံးလုံးကြီး ပိတ်လိုက်တာမဟုတ်ဘူး။ ရပ်ထားတဲ့ သဘောပေါ့။ ရပ်ထားတဲ့ဟိုတယ်က သုံးဆယ်ကျော်ပေါ့။ နှစ်တိုင်း မိုးတွင်းဆိုရင် ရပ်ထားတာပါ” ဟုသံတွဲခရိုင် ဟိုတယ်နှင့်ခရီးသွားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးကပြောသည်။  

မိုးရာသီတွင် ငပလီကမ်းခြေရှိ ဟိုတယ်တချို့မှာ နှစ်စဉ် ရပ်ထားရခြင်းဖြစ်ပြီး မိုးတွင်း ဒီရေတက်ခြင်း၊ လေတိုက်ခြင်းများကြောင့် ဟိုတယ်တချို့မှာ လှိုင်းဒဏ်၊လေဒဏ်များကို ခံကြရသလို ခရီးသည်အဝင်လည်း နည်းပါးသည့်အတွက် ပိတ်ထားရခြင်းဖြစ်ပြီး ရခိုင်မြောက်ပိုင်းဖြစ်ပွားနေသည့် စစ်ပွဲများနှင့် မသက်ဆိုင်ကြောင်းလည်း သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက ပြောသည်။

ယင်းသို့ ဟိုတယ်တချို့ ပိတ်ထားရမှုကို ကုစားနိုင်ရန် ကာစီနိုဝိုင်းများတွဲပေးရန် လုပ်ဆောင်နေကြောင်းလည်း ဆိုသည်။

“ဒီဟာကိုကုစားဖို့အတွက်ကို ကာစီနိုနဲ့ တင်ပြထားပါတယ်။ ဗီယက်နမ်နိုင်ငံမှာလည်း မိုးတွင်းဆို ပိတ်ရတယ်။ ကာစီနိုတွေနဲ့ တွဲပေးလိုက်တော့ သူတို့ဟိုတယ်တွေက ပိတ်စရာမလိုတော့ဘူး။ ကျွန်တော်တို့လည်း အဲဒီ အစီအစဉ် ဆွဲထားပါတယ်။ အဲလိုမှ မိုးတွင်းလည်း ဖွင့်နိုင်အောင်လေ” ဟု ဦးနိုင်ကြွယ်အေးကပြောသည်။

မိုးရာသီတွင်းဖြစ်သလို တစ်ဖက်တွင်လည်း ဒေသတွင်းတိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သော မြောက်ဦးမြို့ရှိ ဟိုတည်တချို့မှာလည်း ပိတ်ထားရပြီး တချို့မှာ ဝန်ထမ်းများကိုလျှော့ချနေကြရသည်။

 

ဗီဒီယိုများ