ရခိုင်တွင် ဟိုတယ်နှင့် ဧည့်ရိပ်သာ ၉၈ လုံးရှိသည့်အနက် ၅၂ လုံးကို ပြန်ဖွင့်ခွင့် ပြုထား

ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ ၉၈ လုံးအနက် လက်ရှိတွင် ၅၂ လုံးကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားကြောင်း ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

22 Mar 2021

DMG ၊ မတ် ၂၂

ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ ၉၈ လုံးအနက် လက်ရှိတွင် ၅၂ လုံးကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားကြောင်း ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ဟိုတယ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် ညီမညီစိစစ်ကာ ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်ပြီး စစ်တွေတွင် ၁၅ လုံး၊ သံတွဲ ၂၇ လုံး၊ ကျောက်ဖြူ ၈ လုံး၊ ဂွ ၁ လုံး၊ မြောက်ဦးတွင် ၁ လုံး အသီးသီးဖွင့်ထားခြင်းဖြစ်သည်။

လက်ရှိ ဖွင့်လှစ်ထားသည့် ဟိုတယ်များမှာ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ခရီးသွားလာရောက်မှုနည်းပါးသဖြင့် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု ကျောက်ဖြူမြို့ ဗာရာဏသီဟိုတယ်မှ FO Manager ဦးဇော်လင်းထွန်းက ပြောသည်။

“ ဒီနှစ် ၁ လပိုင်းအထိ အဆင်ပြေပါသေးတယ်။ နှစ်လပိုင်းမှာဆိုရင် ဧည့်သည်တွေက သိသိသာသာအရမ်း နည်းသွားပါတယ်။ ဒီနေ့ဆိုရင် ဘယ်သူမှမရှိတော့ဘူး၊ တစ်ယောက်ရှိတာလည်း သတ်မှတ်ရက်ပြည့်လို့ ထွက်သွားပြီ ” ဟု ၎င်းကပြောသည်။

ယခင် ကိုဗစ်ကာလတွင် ဗာရာဏသီဟိုတယ်ကို တစ်လလျှင် ခရီးသွား ၂၀၀ ခန့် လာရောက်တည်းခိုမှုများ ရှိခဲ့သော်လည်း (ဖေဖော်ဝါရီလ ၁ ရက်နေ့) အာဏာကိုသိမ်းမှုဖြစ်ပေါ်ပြီးနောက်တွင် အဆိုပါ ဟိုတယ်ကို တစ်လလျှင် ခရီးသွား ၅၀ ကျော်ခန့်သာ ရောက်ရှိကြောင်း ဦးဇော်လင်းထွန်းက ဆိုသည်။

လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် လက်ရှိ ဖွင့်လှစ်ထားသည့် ဟိုတယ်နှင့် ဧည့်ရိပ်သာများတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်တည်းခိုမှု နည်းပါးနေသဖြင့် ဟိုတယ်လုပ်ငန်းရှင်များ အခက်အခဲနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ငပလီမြို့ရှိ Royal လင်းသာ ဟိုတယ်ပိုင်ရှင် ဦးခင်မောင်ထွန်းက ဆိုသည်။

“ ခရီးသွားကတော့ မရှိသလောက်ပဲ။ အလုပ်မဖြစ်တော့ အရှုံးတွေပေါ်တာပေါ့။ ခရီးသွားက ပုံမှန်တော့မရှိဘူး၊ အများဆုံးကတော့ တစ်လကို ဆယ်ကိုးခန်းလောက်တော့ရတယ်။ အဲဒါတောင်မှ ဒီနေပြီးတော့ စစ်တွေ၊ ကျောက်ဖြူတို့ကို ကားနဲ့လာတဲ့သူတွေက ညမှောင်တဲ့အခါမသွားဖြစ်လို့ တစ်ညဝင်အိပ်တာတွေရှိတယ်။ အလည် လာတဲ့လူတွေက မရှိဘူး” ဟု သူကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုလည်း ရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက်၂၅ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ပြည်နယ်ဟိုတည်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ၏ အချက်အလက်များအရ သိရသည်။

ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့သည်နှင့်အမျှ ခရီးသွားလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေကြသည့် ဒေသခံများမှာလည်း အလုပ်အကိုင် အဆင်မပြေမှုများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

ဗီဒီယိုများ