စက်သုံးဆီဈေးမြင့်တက်မှုကြောင့် လူမှုကူညီရေးအသင်းအဖွဲ့များ အခက်ကြုံ

လက်ရှိစက်သုံးဆီဈေးမြင့်တက်နေခြင်းကြောင့် လူမှုကူညီရေးအဖွဲ့အစည်းများမှာ ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စများတွင် ကားဖြင့်ကူညီပို့ဆောင်ပေး၌ ယခင်ထက်ငွေကုန်ကျမှုပိုများလာသဖြင့် အဖွဲ့အစည်း၏ရန်ပုံငွေများ အခက်အခဲရှိလာနေကြောင်း ရခိုင်ပြည်နယ်အတွင်းက လူမှုကူညီရေးအသင်းအဖွဲ့များထံမှသိရသည်။

12 Mar 2022

Photo Crd - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

DMG ၊ မတ် ၁၂

လက်ရှိစက်သုံးဆီဈေးမြင့်တက်နေခြင်းကြောင့် လူမှုကူညီရေးအဖွဲ့အစည်းများမှာ ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စများတွင် ကားဖြင့်ကူညီပို့ဆောင်ပေး၌ ယခင်ထက်ငွေကုန်ကျမှုပိုများလာသဖြင့် အဖွဲ့အစည်း၏ရန်ပုံငွေများ အခက်အခဲရှိလာနေကြောင်း ရခိုင်ပြည်နယ်အတွင်းက လူမှုကူညီရေးအသင်းအဖွဲ့များထံမှသိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်ပြီးနောက်ပိုင်း စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာကို ၂၀၀၀ ကျော်ထိ မြင့်တက်လျှက်ရှိနေသည်။ ထို့ကြောင့် လူမှုကူညီရေးအသင်းအဖွဲ့များမှာ ယခင်ထက်ငွေကုန်ကျမှုပိုများလာနေ၍ အခက်အခဲရှိနေကြောင်း ကျောက်ဖြူမြို့ လေးဝတီကုသလရက္ခိတ ပရဟိတအသင်းမှ အသင်းဥက္ကဋ္ဌ ဦးဂျပန်ကြီးက ပြောသည်။

"ဆီးဈေးတွေတက်နေတော့ အရင်က ၅၀၀၀ ကုန်ကျတဲ့နေရာကို ၁၀၀၀၀ ကုန်ကျနေတယ်။ အရင်တုန်းက ရန်ကုန်ကိုဆေးကုသဖို့အတွက် လူနာလိုက်ပို့ရင် ၃၀၀၀၀၀ လောက်ဘဲကုန်ကျတယ်။ အခု ၅၀၀၀၀၀ လောက်ကုန်ကျတယ်။ ရှိတဲ့သူတွေဆိုတော့ အလှူငွေပြန်ပေးကြတယ်။ မရှိသူတွေဆိုတော့ မပေးနိုင်ဘူး။ အရင်က တစ်လမှာ ၅ ခေါက်ကူညီပေးနိုင်ရင် အခု ၂ ခေါက်လောက်ဘဲ ကူညီပေးနိုင်တော့တယ်"ဟု ၎င်းကဆိုသည်။

လက်ရှိမြင့်တက်နေသော စက်သုံးဆီဈေမှာ ရေရှည်မြင့်တက်နေမည်ဆိုပါက လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် ဆက်လက်ကူညီပေးနိုင်ရန် ခက်ခဲလာနေကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသင်းအဖွဲ့ အများအပြားမှာ အသင်းသားများ လစဉ်ထည့်ဝင်ငွေများဖြင့် အသင်းအားရပ်တည်နေကြခြင်းဖြစ်သည်။

ဂွမြို့နယ် ထာဝရမေတ္တာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်မြင့်မောင်က "လက်ရှိအချိန်ထိတော့ အသင်းအနေနဲ့ရပ်တည်နေတယ်။ အသင်းရန်ပုံငွေနဲ့ပေါ့။ အလှူရှင်အချို့ ပြန်ပေးတာလဲရှိတယ်။ သွားတာနဲ့ရတာ မမျှတဲ့အခါလဲရှိတယ်။ ဒီလိုဘဲ ဆီဈေးက ရေရှည်ဈေးမြင့်နေမယ်ဆိုရင်လဲ အသင်းကိုလည်ပတ်လို့ရအောင်တော့ လုပ်ရမှာပေါ့။ အခုတော့ရှိတာလေးနဲ့ ကူညီပေးနေတယ်"ဟု ပြောသည်။

စစ်တွေမြို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတွင် တစ်လလျှင် စက်သုံးဆီကုန်ကျငွေ သိန်း ၅၀ ကျော်ရှိပြီး ယခုကဲ့သို့ ဆီဈေးဆက်လက်မြင့်တက်မှုရှိနေပါက လူမှုအသင်းအဖွဲ့များအနေဖြင့် ပြည်သူများ လိုအပ်ချက်အပေါ် ဖြည့်ဆည်းမပေးနိုင်မည်ကိုစိုးရိမ်ကြောင်း ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဦးမင်းထည်ဝါကပြောသည်။

"အဓိကတော့ ကျနော်တို့လူမှုအသင်းအဖွဲ့တွေဆိုတာ ပြည်သူတွေတောင်းခံလာတဲ့ အကူအညီအပေါ် ငြင်းပိုင်ခွင့်မရှိတဲ့အတွက် ဆီဈေးတက်နေတဲ့အပေါ်မှာ မကူညီပေးနိုင်မှာကိုဘဲ စိုးရိမ်မိတယ်။ ကျနော်တို့အသင်းအနေနဲ့ တစ်လကိုဆီဖိုးသိန်း ၅၀ အကျော်မှာရှိနေတယ်"ဟု ၎င်းကဆိုသည်။

အလားတူ မာန်အောင်၊ တောင်ကုတ်၊ သံတွဲ စသည့်မြို့နယ်များရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှာလည်း ဆီးဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ပြည်သူများအကူအညီတောင်းခံလာခြင်းကို ရန်ပုံငွေအခြေအနေကြောင့် အကူအညီမပေးနိုင်မည်ကိုစိုးရိမ်နေကြသည်။

ဗီဒီယိုများ