စစ်ဘေးရှောင်ကျောင်းသားများ ပညာသင်နိုင်ရေး အာဏာပိုင်များက ထောက်ပံ့ပေးရန်တောင်းဆို

တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသားများအတွက် ပညာသင်ကြေးကို သက်ဆိုင်ရာအာဏာပိုင်များက ထောက်ပံ့ပေးရန် ရခိုင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းသားများက ဆန္ဒထုတ်ဖော်တောင်းဆိုကြသည်။

By ဝင်းညွန့် 02 Sep 2019

ဝင်းညွန့် | DMG
စက်တင်ဘာ ၂ ၊ စစ်တွေ

တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသားများအတွက် ပညာသင်ကြေးကို သက်ဆိုင်ရာအာဏာပိုင်များက ထောက်ပံ့ပေးရန် ရခိုင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းသားများက ဆန္ဒထုတ်ဖော်တောင်းဆိုကြသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က စစ်တွေတက္ကသိုလ်၊ စစ်တွေနည်းပညာတက္ကသိုလ်၊ စစ်တွေကွန်ပျူတာတက္ကသိုလ်နှင့် တောင်ကုတ်ဒီဂရီကောလိပ်တို့မှ ကျောင်းသားသမဂ္ဂများဦးဆောင်ပြီး စစ်ဘေးရှောင် ကျောင်းသားများအတွက် ပညာသင်ကြေးထောက်ပံ့ပေးရန် တောင်းဆိုခဲ့ကြသည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း သံတွဲမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းသားသမဂ္ဂအဖွဲ့ကဦးဆောင်ပြီး စစ်ဘေးရှောင်ကျောင်းသားများအတွက် တောင်းဆိုခဲ့ကြကြောင်း ၎င်းကျောင်းမှ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုရဲထွန်းနိုင်က ဆိုသည်။

“ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ဘေးတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာရယ်။ ပြီးတော့ ကျွန်တော်တို့ကျောင်းမှာရှိတဲ့ လိုအပ်ချက်တွေကို ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုတာဖြစ်ပါတယ်” ဟု ကိုရဲထွန်းနိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များမှ ကျောင်းသားများက ရခိုင်ပြည်နယ်ကို ပညာရေးအသုံးစရိတ်များ တိုးမြှင့်ချထားပေးရေး၊ ကျောင်းသားများအပါအဝင် အပြစ်မဲ့ပြည်သူများအား အစိုးရတပ်မတော်မှ မတရားဖမ်းဆီးညှင်းပမ်းနှိပ်စက်မှုများ ချက်ချင်းရပ်ရေး၊ စစ်ဘေးရှောင်ပြည်သူများကို ကူညီမည့် ပြည်တွင်း၊ ပြည်ပမှ အကူအညီများအား ခွင့်ပြုပေးရေး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း သတင်းအမှောင်ချထားမှုများအား ရပ်တန့်ပေးရေးတို့ကိုလည်း တောင်းဆိုကြသည်။

လက်ရှိမှာ အစိုးရက စစ်ဘေးရှောင်ကျောင်းသားများအား ပညာသင်ကြားပေးမှုများရှိသော်လည်း အခက်အခဲနှင့် လိုအပ်ချက်များရှိနေပြီး အချို့ကျောင်းသားများကို လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက ပညာသင်ကြားပေးလျက်ရှိသည်။

ဗီဒီယိုများ