စစ်တွေတွင် လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်သည့် လူငယ်သုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီး

ယနေ့( ဒီဇင်ဘာလ ၁၀ ရက်)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအား ဆန့်ကျင်ရှုတ်ချကြောင်း စစ်တွေမြို့တွင် ကမ်ပိန်းပြုလုပ် ခဲ့သည့် လူငယ်သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်။

By အောင်ထိန် 10 Dec 2020

အောင်ထိန် | DMG
ဒီဇင်ဘာ ၁၀ ၊ စစ်တွေ

ယနေ့( ဒီဇင်ဘာလ ၁၀ ရက်)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအား ဆန့်ကျင်ရှုတ်ချကြောင်း စစ်တွေမြို့တွင် ကမ်ပိန်းပြုလုပ် ခဲ့သည့် လူငယ်သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်။

လူငယ် ၃၀ ကျော်ခန့်သည် ယနေ့နံနက် ၇ နာရီခန့်အချိန်က စစ်တွေမြို့ BXT ဆိပ်ကမ်းမှ ရှုခင်းသာလမ်း တစ်လျှောက် ဆိုင်းဘုတ်များကိုင်ဆောင်သွားရောက်ခဲ့ရာ စစ်တွေဟိုတယ်အနီးတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူသုံးဦးမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် ကိုမင်းဘာချေ(ခ)ကိုသန်းလှအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ဖြစ်ကြောင်း သိရသည်။

ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က တာဝန်ခံ မဦးခင်သိန်းက “ရခိုင်ပြည်ရဲ့ လက်ရှိအခြေအနေအရ လူသား တစ်ယောက်အနေနဲ့ လူ့အခွင့်အရေးတွေ အများကြီးဆုံးရှုံးနေတယ်။ အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံရမှု အများကြီးရှိနေတယ်။ ဒီလိုမျိုးဆုံးရှုံးနေတယ်ဆိုတာကိုသိဖို့ အခုလိုလုပ်ဆောင်တာဖြစ်တယ်။ ဒီအပေါ်မှာ အစိုးရ အနေနဲ့ ဘာမှလုပ်ဆောင်ပေးတာမရှိဘူး” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူသုံးဦးကို စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ