လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်၍ တရားစွဲခံရသည့် ရခိုင်လူငယ်သုံးဦးကို တရားရုံးမှ ငွေဒဏ်ချမှတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူ့အခွင့်အရေးကမ်ပိန်းခဲ့၍ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉(က)ဖြင့် တရားစွဲဆို ခံထားရသည့် လူငယ်သုံးဦးကို ယနေ့(ဇူလိုင်လ ၁၂ ရက်)တွင် စစ်တွေမြို့နယ်တရားရုံးမှ ငွေဒဏ် (၂)သောင်း ချမှတ်လိုက်ကြောင်း သိရသည်။

12 Jul 2021

DMG ၊ ဇူလိုင် ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူ့အခွင့်အရေးကမ်ပိန်းခဲ့၍ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉(က)ဖြင့် တရားစွဲဆို ခံထားရသည့် လူငယ်သုံးဦးကို ယနေ့(ဇူလိုင်လ ၁၂ ရက်)တွင် စစ်တွေမြို့နယ်တရားရုံးမှ ငွေဒဏ် (၂)သောင်း ချမှတ်လိုက်ကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်ပြီး တရားရုံးကချမှတ်သည့် ငွေဒဏ်နှစ်သောင်း (သို့မဟုတ်) ထောင်ဒဏ် (၁၅)ရက်မှ ငွေဒဏ်ကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု တရားစွဲဆိုခံခဲ့ရသူ ကိုမင်းဘာချေ(ခ) ကိုသန်းလှက ပြောသည်။

“ငွေဒဏ်နှစ်သောင်း ဒါမှမဟုတ် ထောင်ဒဏ် (၁၅)ရက် ကျခံလို့ရတယ်လို့ပြောတယ်။ ကျနော်တို့ကတော့ ငွေဒဏ်ပဲ ကျခံလိုက်တယ်” ဟု ပြောသည်။

လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်၍ တရားစွဲဆိုအမိန့်ချခံရသူများမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ(ခ)ကိုသန်းလှအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ဖြစ်ကြသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား ဆန့်ကျင်ရှုတ်ချကြောင်း စစ်တွေမြို့တွင် ကိုမင်းဘာချေအပါအဝင် လူငယ် ၃၀ ကျော်က ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။

ထိုသို့ကမ်ပိန်းပြုလုပ်ရာတွင် စစ်တွေမြို့ BXT ဆိပ်ကမ်းမှ ရှုခင်းသာလမ်းတစ်လျှောက် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီးသွားရောက်ခဲ့ကြရာ စစ်တွေဟိုတယ်အနီးအရောက်တွင် ကိုမင်းဘာချေအပါအဝင် သုံးဦးမှာ  ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ယင်းနေ့ ညနေပိုင်းအချိန်တွင် ၎င်းတို့သုံးဦးကို အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ပြီး ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ