လူ့အခွင့်အရေးလှုပ်ရှားသူများအား တရားစွဲဆိုချက်များကို ရုပ်သိမ်းပေးရန် အရပ်ဖက်အဖွဲ့ ၄၀ ကျော် တောင်းဆို

လူ့အခွင့်အရေး လှုပ်ရှားသူများအပေါ် ဖမ်းဆီးကာ တရားစွဲဆိုထားသည့် ပုဒ်မများအား ပြန်လည်ရုပ်သိမ်းပေးရန် အရပ်ဖက်အဖွဲ့အစည်း ၄၃ ဖွဲ့မှ ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

By အောင်ထိန် 10 Jan 2021

အောင်ထိန် | DMG
ဇန်နဝါရီ ၁၀ ၊ စစ်တွေ

လူ့အခွင့်အရေး လှုပ်ရှားသူများအပေါ် ဖမ်းဆီးကာ တရားစွဲဆိုထားသည့် ပုဒ်မများအား ပြန်လည်ရုပ်သိမ်းပေးရန် အရပ်ဖက်အဖွဲ့အစည်း ၄၃ ဖွဲ့မှ ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် စစ်တွေမြို့၌ လူ့အခွင့်အရေး ကမ်ပိန်းပြုလုပ်မှုကြောင့် ရခိုင်လူငယ်မျိုးသစ်ကွန်ရက်မှ ကိုသန်းလှ (ခ) ကိုမင်းဘာချေ အပါအဝင် လူငယ်သုံးဦးကို ဖမ်းဆီးကာ ငြိမ်းချမ်းစုပုဒ်မ ၁၉ (က)ဖြင့် တရားစွဲဆိုခဲ့သည်။

လူ့အခွင့်အရေးလှုပ်ရှားမှုကို ဒီမိုကရေစီနိုင်ငံတစ်ခုအနေနှင့် မြှင့်တင်အားပေးရမည့်အစား အစိုးရအနေဖြင့် ဖိနှိပ်ချုပ်ချယ်နေကြောင်း ဒို့မြေကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ကိုစည်သူက ဝေဖန်ပြောဆိုသည်။

“ဒါက လူ့အခွင့်အရေးချိုးဖောက်တာလို့ပဲ မြင်တယ်။ နောက်တစ်ခုက အဲဒီကိစ္စတွေမှာ တိုင်းရင်းသားအပေါ် ဖိနှပ်ချင်တာလည်းပါတယ်လို့ ကျွန်တော်တို့ အဲလိုမြင်တယ်။ လက်ရှိသွားနေတဲ့ ဖက်ဒရယ် ဖြစ်ပေါ်ရေးတို့နဲ့လည်း ဆန့်ကျင်နေတဲ့ဟာတွေ ဒီမိုကရေစီစံနှုန်းတွေနဲ့လည်း မညီညွတ်တဲ့ ကိစ္စတွေလို့မြင်တယ်” ဟု ၎င်းက ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ပြီး ယင်းအရာသည် လူသားတိုင်း၏ အခွင့်အရေး၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုတို့အတွက် အရေးကြီးသည့် လူ့အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

လူ့အခွင့်အရေးနေ့ကို ကြိုဆိုမှုပြုလုပ်သူများအပေါ် ဖမ်းဆီးအရေယူမှုလုပ်ဆောင်ခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား အစိုးရကိုယ်တိုင် ချိုးဖောက်နေခြင်းဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများမှ ဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း ငြိမ်းချမ်းစွာအဖြင့် အစိုးရအား ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကို ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့် တရားစွဲဆိုခဲ့သည်။
ယင်းထဲမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့မှာ စက်တင်ဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ စစ်တွေမြို့ပြည်နယ်အစိုးရရုံးရှေ့၌ ဆန္ဒဖော်ထုတ်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားရင်ဆိုင်နေရသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုများသည်ကိုတွေ့ရှိရပြီး ယင်းသို့ ချိုးဖောက်မှုများအား ကာကွယ်ရန် လွတ်လပ်စွာထုတ်ဖော်ပြောသူများကိုလည်း ထပ်ဆင့်ပြီး လူ့အခွင့်အရေး ချိုးဖောက်ဖိနှိပ်မှုကို ကြုံတွေ့နေရသည်ဟု မျိုးဆက်လှိုင်းအဖွဲ့မှ အထွေထွေအတွင်းရေးမှူး မအိအိမိုးက ပြောသည်။

“ဒီဟာကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကလည်း အားနည်းနေတာကို တွေ့ရတယ်။ ဒါ့အပြင် ဒီလိုမျိုးပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကဏ္ဍပေါင်းစုံက ရှိနေတဲ့အပြင် တရားရေးဆိုင်ရာဖက်ကလည်း အထောက်အထား တစ်စုံတစ်ရာပြုမှု မရှိတဲ့အပြင် ဥပဒေအရပါဖိနှိပ်မှုတွေ ရှိနေဆိုတာကို တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ တက်ကြွလှုပ်ရှားသူများအား တရားစွဲထားသော စွဲချက်ထားများကို ရုပ်သိမ်းပြီး ပြန်လွှတ်ပေးရန် အသံအဖွဲ့၊ ဒို့မြေကွန်ရက်၊ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်၊ Rakhine Ethnic Congress ၊ မျိုးဆက်လှိုင်းအဖွဲ့ စသည့် အဖွဲ့အစည်း ၄၃ ဖွဲ့က တောင်းဆိုထားခြင်းဖြစ်သည်။

ထိုသို့ လှုပ်ရှားမှုပြုလုပ်သူများအား တရားစွဲဆိုရန် အစိုးရ၏ဆုံးဖြတ်ချက်သည် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို ချိုးဖောက်ခြင်း၊ နိုင်ငံသားတို့အခွင့်အရေးနှင့် တိုင်းရင်းတို့၏ အခွင့်အရေးကို ဖိနှိပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်သဖြင့် တရားစွဲခံထားရသူ ၆၀ ကျော်ရှိပြီး ဖမ်းဆီးခံရကာ ထောင်ဒဏ် ချမှတ်ခံထားရသူ ၂၀ ကျော်ရှိကြောင်း အသံအဖွဲ့၏ စာရင်းအရသိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအစိုးရလက်ထက် (၄)နှစ်ကျော် ကာလအတွင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုသဖြင့် တရားစွဲဆိုခံရသူ (၁၀၅၁) ဦး ရှိပြီး တရားစွဲဆိုထားသည့် အမှုပေါင်း (၅၃၉) မှုရှိကြောင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ၏ စီရင်ခံစာအရ သိရသည်။

ဗီဒီယိုများ