ရခိုင်ကလူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ပေးရန် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် တောင်းဆို

ရခိုင်ပြည်နယ်အတွင်း အရပ်သားများ မတရားဖမ်းဆီးခံရမှု၊ ဖမ်းဆီးခံရပြီး သတင်းအစအနပျောက်ဆုံးနေမှုများ၊ အင်တာနက်ဖြတ်တောက်ခံရမှုများ စသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများက ယနေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် တောင်းဆိုကြသည်။

By နှင်းနွယ် 10 Dec 2020

ဓါတ်ပုံ - ရခိုင်ကစစ်ဘေးရှောင်စခန်းတစ်ခုတွင် ဆင်းရဲချို့တဲ့စွာနေထိုင်နေရသည့် မိသားစုတစ်စုအားတွေ့ရစဉ်

နှင်းနွယ် | DMG
ဒီဇင်ဘာ ၁၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း အရပ်သားများ မတရားဖမ်းဆီးခံရမှု၊ ဖမ်းဆီးခံရပြီး သတင်းအစအနပျောက်ဆုံးနေမှုများ၊ အင်တာနက်ဖြတ်တောက်ခံရမှုများ စသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများက ယနေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် တောင်းဆိုကြသည်။

DMG မှ ကောက်ယူထားသည့်စာရင်းအရ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲ အကျိုးဆက်ကြောင့် ရခိုင်တွင် ၂၀၂၀ ပြည့်နှစ် ဇွန်လကနေ့ ဒီဇင်ဘာလအထိ သံသယဖြင့်ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀၇ ဦး၊ သေဆုံးသူ ၅၀ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၈ ဦးအထိရှိခဲ့သည်။

ယခုကဲ့သို့ ဖမ်းဆီးသတ်ဖြတ်ခံနေရမှုများ တစ်ဖြည်းဖြည်းလျော့ကျသွားရန်အတွက် အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်အဖွဲ့ဆိုသည့်အသုံးအနှုန်းမှပယ်ဖျက်ကာ ငြိမ်းချမ်းရေးအတွက် ပိုမို အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“အခုဆိုရင် တပ်မတော်နဲ့ အေအေက ငြိမ်းချမ်းရေးစတင်ဆွေးနွေးနေကြပြီဖြစ်တယ်။ ဒါတွေကို အစိုးရက ပိုမို အားထည့်ပြီးတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်အောင် သူတို့နဲ့ ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် တည်ငြိမ် အေးချမ်းလာတဲ့အခါမှာ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တစ်ဖြည်းဖြည်းလျော့နည်းသွားမယ်လို့ ယုံကြည် ပါတယ်။ ဒါကြောင့် အစိုးရ၊ တပ်မတော်နဲ့ အေအေတို့ သုံးဦး၊သုံးဖလှယ်ဆွေးနွေးပြီးတော့ ရခိုင်မှာ စစ်ပွဲတွေ ငြိမ်းသွားအောင် ဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ၎င်းကပြောသည်။

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း လူသားချင်းစာနာထောက်ထားကာ အပြစ်မဲ့ပြည်သူများအား နှိပ်စက်ရာရောက်စေမည့်ကိစ္စများကို ဆင်ခြင်ပေးစေလိုကြောင်းလည်း ၎င်းကတိုက်တွန်းပြောဆိုထားသည်။

လူ့အခွင့်အရေးချိုးဖောက်ရာတွင် လက်နက်ကိုင်တပ်ဖွဲ့တင်မက အစိုးရဌာနဆိုင်ရာများကပါ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိလာနေသည့်အတွက် ပြည်သူများယုံကြည်သည့် အစိုးရတစ်ရပ်အဖြစ်ရပ်တည်နိုင်ရန် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှောင်ရှားသင့်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

“တစ်ခါတစ်လေ ဌာနဆိုင်ရာတွေကလည်း သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်နေပါလားဆိုတာကို မသိဘူး။ ဒီနေ့ဆိုရင် ငြိမ်းချမ်းရေးအလံလွှင့်ထူပြီး လူ့အခွင့်အရေးနေ့ကိုထောက်ခံသူတွေကို ဖမ်းတယ်။ ဒါက ဆန္ဒပြတာ မဟုတ်ဘူး။ လူ့အခွင့်အရေးကို လိုလားကြတာ။ ဘာလို့လဲဆိုတော့ ကျနော်တို့ရခိုင်မှာ ပြည်တွင်းစစ်ကြောင့် မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ ရာနဲ့ချီရှိနေတယ်။ ဒါကြောင့် ကျနော့်အနေနဲ့တော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထပ်မလုပ်ဖို့ကိုပဲ တောင်းဆိုချင်ပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ်(၈)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ စတင်ကာ အင်တာနက်ဖြတ်တောက်ထားခဲ့ပြီး မောင်တောမြို့နယ်အား ၂၀၂၀ ပြည့်နှစ် မေလ ၂ ရက်နေ့တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့အား မြန်နှုန်းမြင့် 4G မဟုတ်ဘဲ 2G အင်တာနက်လိုင်းသာ ပြန်ဖွင့်ပေးခဲ့သည်။

ထိုသု့ိအင်တာနက်ဖြတ်တောက်ထားသည့်အတွက် ယင်းဒေသမှပြည်သူများမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စများတွင် ဆုတ်ယုတ်စေသည့်အပြင် လူထု၏မျက်ကွယ်ရာဖြစ်နေသဖြင့် လူ့အခွင့် အရေးချိုးဖောက်မှုများ ပိုမိုဖြစ်စေနိုင်သည့်အတွက် အင်တာနက်ကိုအမြန်ဆုံးပြန်ဖွင့်ပေးစေလိုကြောင်း ရခိုင်လူငယ်အမျိုးသမီး မထူးထက်နိုင်က တောင်းဆိုသည်။

“ဒါကိုကြည့်လို့ရှိရင် သာမန်အင်တာနက်ပိတ်ထားတာ။ အင်တာနက်သုံးလို့မရရင် ဘာဖြစ်လဲဆိုတာမျိုးလောက်ပဲ ပြောကြတာ။ တကယ်တော့ အပိတ်ခံထားရတဲ့သူတွေကပဲသိတာ။ အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် လူမမြင်ကွယ်ရာမှာ ဗရမ်းဗတာနဲ့ အမျိုးမျိုးဖြစ်လာနိုင်တယ်။ ဒါကြောင့် အခုလိုအင်တာနက်ဖြတ်တောက်ထားတဲ့ ကိစ္စကို ကန့်ကွက်ရှုတ်ချတယ်။ လူ့အခွင့်အရေးကိုလေးစားလိုက်နာတယ်၊ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်ချင်တယ်ဆိုရင်တော့ အင်တာနက်အမြန်ဆုံးဖွင့်ပေးသင့်တယ်” ဟု ၎င်းကဆိုသည်။

အစိုးရအနေဖြင့် လူ့အခွင့်အရေးကိုလေးစားပါက တိုက်ပွဲကာလအတွင်း မတရားဖမ်းဆီးခံရထားသူများအား ပြန်လွှတ်ပေးရန်နှင့် မတရားသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသွားသူများ၏မိသားစုဝင်များကိုလည်း တရား မျှတမှုရရှိစေရန် ဆောင်ရွက်ပေးသင့်ကြောင်း မထက်ထူးနိုင်က ဆက်ပြောသည်။

ယနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု များအား ဆန့်ကျင်ရှုတ်ချကြောင်း စစ်တွေမြို့၌ နံနက်ပိုင်းက ကမ်ပိန်းပြုလုပ်ခဲ့သဖြင့် လူငယ်သုံးဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးကာ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

ဗီဒီယိုများ