စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြု ၂၂ ဦး ထပ်မံရောက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယာယီတာဝန်ထမ်းဆောင်ရန် ဆရာဝန်နှင့်သူနာပြု (၂၂)ဦး သြဂုတ်လ ၂၅ ရက်နေ့က စစ်တွေမြို့သို့ရောက်ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

By ကျော်ချစ် 27 Aug 2020

သြဂုတ်လ ၂၅ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ်။(ဓာတ်ပုံ - Leader's facebook)

ကျော်ချစ် | DMG
သြဂုတ် ၂၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယာယီတာဝန်ထမ်းဆောင်ရန် ဆရာဝန်နှင့်သူနာပြု (၂၂)ဦး သြဂုတ်လ ၂၅ ရက်နေ့က စစ်တွေမြို့သို့ရောက်ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယင်းသို့ရောက်ရှိလာသူများတွင် လက်ထောက်ဆရာဝန် (၃) ဦး၊ သွားနှင့်ခံတွင်းဆရာဝန် (၁) ဦး၊ အထက်တန်း သူနာပြု (၅)ဦးနှင့် သူနာပြု (၁၂)ဦးတို့ ပါဝင်ကြောင်းသိရသည်။

၎င်းတို့မှာ မြန်မာ့အမျိုးသားပိုင်လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် စစ်တွေလေဆိပ်သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး အဆိုပါလေယာဉ်ဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရန်အတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ကိုလည်း ပို့ဆောင်ခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

သြဂုတ်လ ၂၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျှောက် တာဝန်ထမ်းဆောင်ရန် ဆရာဝန်နှင့် သူနာပြု ၂၄ ဦး ရောက်ရှိလျက်ရှိသည်။

စစ်တွေဆေးရုံသို့ ယာယီတာဝန်ထမ်းဆောင်ရန်လာရောက်သည့် ဒေါက်တာအောင်နိုင်လင်းက “အတတ်နိုင်ဆုံး လုပ်နေကြတဲ့လူတွေ အလွန်တရာမှပင်ပန်ပြီးတော့ မနိုင်မနင်းတွေဖြစ်လာခဲ့ရင် လိုအပ်တဲ့အပိုင်းမှာ လိုအပ်သလို ကူညီပေးဖို့အတွက် ကျနော်တို့က လာကူညီဖို့ဆန္ဒဖြစ်မိတယ်။ အဲဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ကိုယ့်တတ် ထားတဲ့ပညာနဲ့ တစ်ဖက်တစ်လမ်းက လာရောက်ဝိုင်းဝန်ကူညီတာဖြစ်ပါတယ်” ဟု ဆိုသည်။

သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၆ ရက်နေ့အထိ တစ်ပတ်ကျော်ကာလအတွင်း ရခိုင်ပြည်နယ်တွင် COVDI-19 ပိုးတွေ့ရှိသူ ၁၇၉ ဦးရှိလာပြီး စစ်တွေမြို့နယ်တွင်ပိုးတွေ့လူနာ ၁၁၄ ဦးဖြင့် အများဆုံးဖြစ်သည်။

ယင်းသို့ ပိုးတွေ့ရှိသူများထဲတွင် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်း များလည်း ပါဝင်သည်။

“ဒီမှာ လုပ်နေတဲ့လူတွေထဲမှာ ကူးတယ်ဆိုတော့ ကျနော်တို့ဆီက အင်းအားလျော့တာပေါ့။ ဘယ်သူပဲ ဖြစ်ဖြစ်လေ။ လူနာတွေကို ကြည့်ပေးတဲ့သူတွေ၊ ဂရုစိုက်ပေးတဲ့လူတွေ ဖြစ်သွားတယ်ဆိုတော့ ကျနော်တု့ိဖက်က အားလျော့သွားတယ်ပေါ့နော်။ စိုးရိမ်တာကတော့ အကုန်လုံးစိုးရိမ်းကြတာပါပဲ” ဟု ဒေါက်တာကျော်မင်းသာက ပြောသည်။

ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က စေတနာ့ ဝန်ထမ်းလုပ်မည့်သူများအနေဖြင့် မည်သူမဆို လာရောက်လုပ်ကိုင်ရန် ခေါ်ထားကြောင်း သြဂုတ်လ ၂၄ ရက်နေ့က DMG သို့ ပြောဆိုထားသည်။

ဗီဒီယိုများ