ဘာသာရေးအဆောက်အအုံများကို အကာအကွယ်ယူပြီး တိုက်ခိုက်မှုမပြုလုပ်ရန် ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်

မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် တပ်မတော်က ရွာအလယ်ရှိ စေတီတည်ထားကိုး ကွယ်လျက်ရှိသည့် အောင်မင်္ဂလာတောင်(ခေါ်) ဘုရားတောင်ပေါ်တွင် စခန်းချကာ ပစ်ခတ်မှုများရှိနေသည်။ ယင်းကဲ့သို့ ကိစ္စရပ်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖြေရှင်းပေးရန် အဆိုတင်သွင်းရခြင်းဖြစ်သည်ဟု ဦးလှသိန်းအောင်က ပြောသည်။

By ခင်သရဖီဦး 24 Sep 2019

ပန်းမြောင်းကျေးရွာမှာ သြဂုတ်လ ၂၄ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ (၃)ဦးသေဆုံးသွားပြီး (၃) ဦးဒဏ်ရာရရှိသွားသည်။

ခင်သရဖီဦး | DMG
စက်တင်ဘာ ၂၄၊ စစ်တွေ

ရခိုင်ပြည်နယ်တိုက်ပွဲများတွင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများ၊ ကျေးရွာများနှင့် အများပြည်သူဆိုင်ရာနေရာများကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်မှုမပြုလုပ်ရန် ပြည်နယ်အစိုးရအဖွဲ့က စီမံဆောင်ရွက်ပေးသင့်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က မင်းပြားမြို့နယ်မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အဆိုတင်သွင်းခဲ့သည်။

မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် တပ်မတော်က ရွာအလယ်ရှိ စေတီတည်ထားကိုး ကွယ်လျက်ရှိသည့် အောင်မင်္ဂလာတောင်(ခေါ်) ဘုရားတောင်ပေါ်တွင် စခန်းချကာ ပစ်ခတ်မှုများရှိနေသည်။ ယင်းကဲ့သို့ ကိစ္စရပ်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖြေရှင်းပေးရန် အဆိုတင်သွင်းရခြင်းဖြစ်သည်ဟု ဦးလှသိန်းအောင်က ပြောသည်။

“ဒီစစ်ပွဲဟာ လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ကြားမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍအနေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတဲ့အတွက် ဒီလို ဘာသာရေးအဆောက်အအုံနေရာတွေ ကျနော်တို့ ပန်းမြောင်းမှာဆိုရင် ရွာအလယ်မှာ လက်နက်ကြီးကျည်တည်ပြီးတော့ ပစ်နေတဲ့အပိုင်းတွေကို ကျနော်တို့  နှုတ်နဲ့ပြောလို့လည်း အဆင်မပြေတာကြောင့် အခုလို လွှတ်တော်မှာ အဆိုတင်ပြီးတော့ အစိုးရကို လိုအပ်တာတွေကို ဆောင်ရွက်ဖို့အတွက် အဆိုတင်သွင်းရတာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပန်းမြောင်းကျေးရွာမှာ ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ (၃)ဦးသေဆုံးသွားပြီး (၃) ဦးဒဏ်ရာရရှိသွားသည်။ ယင်းပစ်ခတ်မှုမှာ ရွာတောင်ကုန်းပေါ်တွင် တပ်စွဲထားသည့် တပ်မတော်သားများ၏ လက်ချက်ဟု မိသားစုဝင်များက ပြောကြသော်လည်း တပ်မတော်ဘက်က ငြင်းဆိုခဲ့သည်။

“ အဲလိုအခြေအနေမျိုးတွေကို ဆက်ပြီးတော့မဖြစ်ဖိုအတွက် ကျနော်တို့က ဒီအဆိုကို နောက်နောင် ရခိုင်ပြည်နယ်က တခြားစစ်ဖြစ်နေတဲ့ နေရာတွေမှာလည်းရှိတယ်။ အဲလိုအခြေအနေမျိုးကိုတွေကို အချိန်နဲ့တပြေးညီ ဖြေရှင်းပေးဖို့အတွက်ကို တင်သွင်းရတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းအဆိုကို ဘူးသီးတောင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံဆွေးနွေးခဲ့ပြီး ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစတင်ပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကာ တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။

ဗီဒီယိုများ