ထန်တလန်မြို့နှင့်ပတ်သက်၍ စစ်ကောင်စီ၏လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီးသွားပြီး ယင်းလုပ်ရပ်အပေါ်ပြင်းထန်စွာရှုတ်ချကြောင်း AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ (၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

02 Nov 2021

DMG ၊ နိုဝင်ဘာ ၂

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီးသွားပြီး ယင်းလုပ်ရပ်အပေါ်ပြင်းထန်စွာရှုတ်ချကြောင်း AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ (၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

မြန်မာစစ်တပ်အနေဖြင့် ထိုသို့စစ်ဆင်တိုက်ခိုက်မှုမျိုးကို ပြီးခဲ့သည့်နှစ်ကာလများက မဟာမိတ်သုံးဖွဲ့အခြေပြုရာ ကိုးကန့်၊ တအောင်း၊ ရခိုင်ဒေသများ၌ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ပြီးခဲ့သည့်လများတွင်လည်း အခြားသောပြည်နယ်နှင့် တိုင်းများတွင် ယခုကဲ့သို့ဖြစ်ရပ်များရှိသည့်သတင်းကို စိတ်မကောင်းဖွယ်ကြားသိရသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အဖိနှိပ်ခံညီနောင်သွေးချင်းများ ကြေကွဲဝမ်းနည်းခံစားရသကဲ့သို့ ထပ်တူခံစားရပြီး သွေးချင်းအားလုံးနှင့်အတူ တသွေးတသားတည်းရှိသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အောင်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သားများ၏တိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ် ၁၆၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့မီးလောင်သွားမှုမှာ စစ်တပ်မှလုပ်ဆောင်ခြင်းမဟုတ်ဘဲ ဒေသခံ PDF တပ်ဖွဲ့ဝင်များရှို့သည့် မီးမှတစ်ဆင့် အစပြုလောင်ကျွမ်းခြင်းဖြစ်သည်ဟု စစ်ကောင်စီကငြင်းဆိုထားကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို ရည်မှန်းချက်ချမှတ်ကာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လာသည်ကိုတွေ့ရ ကြောင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIO)က နိုဝင်ဘာလ (၁)ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ကောင်စီမှ လက်နက်မဲ့အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်နေမှုကို ပြင်းထန်စွာရှုတ်ချပြီး စစ်အာဏာရှင် ဖြုတ်ချရေးအတွက် သွေးချင်းများနှင့်အတူရပ်တည်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မှ အောက်တိုဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။

ထန်တလန်မြို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြို့ပေါ်ရှိ ဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြကြောင်း သိရှိရသည်။

ဗီဒီယိုများ