တိုက်ပွဲကြောင့် ထန်တလန်မြို့ပေါ်နေသူ ထောင်ချီထွက်ပြေးသွား၍ သက်ကြီးပိုင်း ၃ ဦးအပါအဝင် လူ ၁၀ ဦးသာကျန်

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ပေါ်နေပြည်သူထောင်နှင့်ချီ၍ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးသွားကြရသဖြင့် လက်ရှိမြို့ပေါ်တွင် သက်ကြီးပိုင်း ၃ ဦးအပါအဝင် လူ ၁၀ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

25 Sep 2021

စက်တင်ဘာ ၁၈ ရက်နေ့က တွေ့မြင်ခဲ့ရသည့် ထန်တလန်မြို့မြင်ကွင်း(ဓါတ်ပုံ - CJ )

DMG ၊ စက်တင်ဘာ ၂၅

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ပေါ်နေပြည်သူထောင်နှင့်ချီ၍ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးသွားကြရသဖြင့် လက်ရှိမြို့ပေါ်တွင် သက်ကြီးပိုင်း ၃ ဦးအပါအဝင် လူ ၁၀ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက်နေ့က ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့သူ/သားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း ယင်းမြို့တွင်နေထိုင်သူများထံမှ သိရသည်။

လက်ရှိ ထန်တလန်မြို့ပေါ်တွင် သက်ကြီးပိုင်း ၃ ဦးအပါအဝင် လူ ၁၀ ဦးသာကျန်ရှိတော့ကြောင်း ကျန်ရှိနေခဲ့သူများထဲမှ တစ်ဦးဖြစ်သည့် ဦးလောမ်ဘီခ်က DMG သို့ ပြောသည်။

“ကျွန်တော်တို့ လူ ၁၀ ယောက်လောက်ပဲကျန်ခဲ့ပါပြီ။ ကျွန်တော်အပါအဝင် အဲဒီဆယ်ယောက်က အိမ်နှစ်လုံးမှာစုနေကြပါတယ်။ မနက်က မြို့ထဲဘက်ကိုထွက်ကြည့်တော့ မြို့ကတိတ်ဆိတ်နေပါတယ်။ တစ်ယောက်တည်းတောင် မသွားရဲပါဘူး။ စားသောက်ရတာကတော့ အိမ်မှာရှိတာတွေနဲ့ စားသောက်နေကြပါတယ်။ ကျွန်တော်တို့ကဘာပဲဖြစ်ဖြစ် အိမ်မှာပဲနေမယ်ဆိုပြီး ကျန်ခဲ့ကြတာပါ”ဟု ၎င်းကပြောသည်။

ယင်းသို့ ထန်တလန်မြို့၌ ကျန်နေခဲ့သူ ၁၀ ဦးတွင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၅ ဦးတို့ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထန်တလန်မြို့တွင် လူဦးရေရှစ်ထောင်ကျော်နေထိုင်ကြောင်း သိရပြီး မြို့ခံအချို့မှာ စက်တင်ဘာ ၁၈ ရက်နေ့ ပစ်ခတ်မှုမတိုင်မီကတည်းက အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြခြင်းဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် ဒေါ်မေရီကပြောသည်။

“ကျွန်မတို့ အခုရောက်နေတဲ့ရွာက စားဖို့သောက်ဖို့စီစဉ်ပေးပါတယ်။ ထန်တလန်မှာတော့ အိမ်နဲ့ စိုက်ပျိုးရေးခြံတွေကျန်ခဲ့ပါတယ်။ အိမ်ကပစ္စည်းတွေလည်း မယူခဲ့ရပါဘူး ရုတ်တရက် ထွက်ပြေးလာရတာဆိုတော့လေ။ အိမ်မှာ အိမ်မွေးတိရစ္ဆာန်တွေလည်း ကျန်ခဲ့တာတွေကိုလည်း ဘယ်သူမှသွားကြည့်လို့မရတော့ အဲဒီအတိုင်းပစ်ထားခဲ့ရပါတယ်။ ကိုယ့်အိမ်ကို စွန့်ခွာလာရတာ စိတ်မကောင်းဘူး။ မြို့ထဲမှာလူတချို့လည်း ကျန်နေခဲ့ပါသေးတယ်”ဟု ၎င်းက DMG သို့ ပြောသည်။

ချင်းပြည်နယ်အတွင်းမှ ထန်တလန်မြို့နယ်အပါအဝင် မြို့နယ် ၈ မြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းမှစ၍ အင်တာနက်ပြတ်တောက်သွားခဲ့သည်။

ထိုသို့အင်တာနက်ပြတ်တောက်ခြင်းမှာ စစ်ကောင်စီတပ်မှ သတင်းအမှောင်ချလို၍ လုပ်ခြင်းဖြစ်ကြောင်း ထန်တလန်မြို့မှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက DMG သို့ ပြောသည်။

“ကျွန်တော့်အထင်တော့ သူတို့ ထိုးစစ်အကြီးကြီးလုပ်ချင်တဲ့ အနေအထားမျိုးရှိမယ်ထင်တယ်။ သတင်းကို နည်းနည်းအမှောင်ချချင်ကြတယ်ထင်တယ်။ ကျွန်တော်လည်း အခုထန်တလန်က ရှောင်ပြေးနေရတာပေါ့။ တမြို့လုံးကလည်း ထွက်ပြေးသွားကြရပါပြီ”ဟု ၎င်းကဆိုသည်။

ထန်တလန်မြို့ပေါ်တွင်ဖြစ်ပွားခဲ့သည့် နှစ်ဘက်ပစ်ခတ်မှုများကြောင့် လူနေအိမ်အလုံး ၂၀ ခန့်မှာ မီးလောင်ပျက်စီးခဲ့ပြီး ယင်းမြို့မှ သင်းအုပ်ဆရာတော် ပါစတာကျုံးဗျက်ဟုမ်မှာလည်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

ဗီဒီယိုများ