ထန်တလန်မြို့က မီးဘေးသင့်သူများကိုထောက်ပံ့နိုင်ရေး ရခိုင်တွင် အလှူငွေများကောက်ခံနေ

ချင်းပြည်နယ်၊ ထန်တလန်မြို့က မီးဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရခိုင်ပြည်နယ်က လူငယ်အချို့ဦးဆောင်ကာ အလှူငွေများ ကောက်ခံလျက်ရှိသည်။

02 Nov 2021

DMG ၊ နိုဝင်ဘာ ၂

ချင်းပြည်နယ်၊ ထန်တလန်မြို့က မီးဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရခိုင်ပြည်နယ်က လူငယ်အချို့ဦးဆောင်ကာ အလှူငွေများ ကောက်ခံလျက်ရှိသည်။

အဆိုပါအလှူငွေကောက်ခံမှုကို အောက်တိုဘာ ၃၁ ရက်က စစ်တွေမြို့ ကမ်းနားလမ်းတွင်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့တွင်လည်း စစ်တွေမြို့မဈေးကြီး၌ အလှူငွေများ ထပ်မံကောက်ခံလျက်ရှိကြောင်း အလှူငွေကောက်ခံသည့်အဖွဲ့ ဦးဆောင်သူ ကိုသက်ဇင်က DMG ကိုပြောသည်။

“လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ထန်တလန်ကသတင်းကို ကျွန်တော်တွေ့မြင်ခဲ့ရတယ်။ အဲဒီဖြစ်စဉ်တွေက အရင်က ရခိုင်ပြည်မှာ ရွာလုံးကျွတ်မီးရှို့ခံရမှုဖြစ်စဉ်တွေနဲ့ ပုံသဏ္ဍာန်တူနေတယ်။ ပြီးတော့ ထန်တလန်မြို့ဆိုတာလည်း ကျွန်တော်တို့ ရခိုင်ပြည်နဲ့ ထိစပ်နယ်မြေဖြစ်တာကြောင့် အခုလိုကူညီနိုင်ဖို့အရေး အလှူငွေကောက်ခံနေတာဖြစ်ပါတယ်”ဟု ကိုသက်ဇင်ကဆိုသည်။

စစ်တွေမြို့မှ လူစည်ကားသည့်နေရာများတွင် အလှူငွေကောက်ခံမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ရသေ့တောင်မြို့တွင်လည်း ထန်တလန်မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများကောက်ခံလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ စစ်တွေမြို့က လူစည်ကားတဲ့နေရာတွေမှာ အလှူခံတာတွေကိုလုပ်သွားပါမယ်။ ပြီးရင် Online ကနေလည်း အလှူခံနေပါတယ်။ ပြီးတော့ ရသေ့တောင်ဘက်က ညီအစ်ကိုတွေနဲ့ ချိတ်ဆက်ပြီးတော့လည်း အလှူခံတာတွေလုပ်နေပါတယ်”ဟု ကိုသက်ဇင်ကပြောသည်။

ထန်တလန်မြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက မြန်မာစပ်တပ်၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ဘုရားကျောင်းနှင့် နေအိမ် ၁၆၀ ကျော် မီးလောင်ဆုံးရှုံးပျက်စီးခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။ ယင်းသို့ပြောဆိုချက်အပေါ် စစ်ကောင်စီက မိမိတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားသည်။

လက်ရှိတွင် ထန်တလန်မြို့လယ်ရှိ ဗိုလ်ချုပ်လမ်းတစ်လျှောက်မှ နေအိမ်များမီးလောင်ကျွမ်းခဲ့ပြီး ယင်းနေရာမှာ ဈေးဆိုင်အများစုရှိသောနေရာဖြစ်ကြောင်း ဒေသခံများကပြောသည်။

“အသက်ရှင်ဖို့အရေး ထွက်ပြေးလာရတာ။ ဘာပစ္စည်းမှ ယူလာချိန်မရဘူး။ တစ်သက်လုံးကြိုးစားရှာခဲ့ရတာတွေ အခုတော့ အကုန်မီးထဲပါသွားပြီ”ဟု ထန်တလန်မြို့လယ်တွင်နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

ထန်တလန်မြို့အပေါ် စစ်ကောင်စီတပ်၏လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ကည်း နိုဝင်ဘာလ(၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိ ထန်တလန်မြို့ပေါ်မှဒေသခံများမှာ ဘေးလွတ်ရာသို့ထွက်ပြေးလျက်ရှိကြပြီး မြို့မှာတိတ်ဆိတ်ခြောက်ကပ်လျက်ရှိနေသည်။

ဗီဒီယိုများ