ထိုးစစ်ဆင်မှုမလုပ်ရန်နှင့် စစ်ပွဲလျှော့ချရန် AA ခေါင်းဆောင်များကို တရုတ်အထူးကိုယ်စားလှယ်ပြောကြား

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေဆဲကာလတွင် တရုတ်နိုင်ငံခြားရေးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းသည် AA ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး ထိုးစစ်ဆင်မှုများ မပြုလုပ်ရန်နှင့် စစ်ပွဲလျှော့ချရန် ပြောကြားခဲ့သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက DMG ကိုပြောသည်။

By ဖဒူ ထွန်းအောင် 12 Jan 2020

အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ ဇန်နဝါရီလ (၁၀) ရက်နေ့က တွေ့ဆုံစဉ်။ (ဓာတ်ပုံ - The Kachin Net)

ဖဒူ ထွန်းအောင် | DMG
ဇန်နဝါရီ ၁၂၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေဆဲကာလတွင် တရုတ်နိုင်ငံခြားရေးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းသည် AA ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး ထိုးစစ်ဆင်မှုများ မပြုလုပ်ရန်နှင့် စစ်ပွဲလျှော့ချရန် ပြောကြားခဲ့သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက DMG ကိုပြောသည်။

တရုတ်အထူးကိုယ်စားလှယ်သည် ဇန်နဝါရီလ (၁၀)ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် နှင့်တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် တစ်ဖက်နှင့်တစ်ဖက် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နိုင်ငံရေးစားပွဲဝိုင်းပေါ်တွင် ဆွေးနွေးလို့ရအောင် မိမိတို့ဘက်ကလည်း အတတ်နိုင်ဆုံး လုပ်ဆောင်ပေးသွားမည်ဟု အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်ဟု ခိုင်သုခက ဆိုသည်။

“ပြီးတော့ အခုအပစ်အခတ်ဖြစ်နေတာတွေကို အပစ်အခတ်တွေလျှော့ချပြီးတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ဆွေးနွေးကြဖို့ ဆိုတာတွေကို အဓိကထားပြောကြားသွားတယ်။ အထူးသဖြင့်တော့ ထိုးစစ်ဆင်မှုတွေ မလုပ်ကြဖို့၊ စစ်ပွဲတွေကို လျှော့ချဖို့ အဲဒါတွေကို အဓိကပြောသွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ယခင်က ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်အများစုတွင်သာ တိုက်ပွဲဖြစ်ပွားခဲ့ကြသော်လည်း ယခုရက်ပိုင်းအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသည့် ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုများရှိလာသည်။ သို့သော် ကျောက်ဖြူမြို့နယ်တွင်ဖြစ်ပွားသော တိုက်ပွဲများနှင့်ပတ်သက်ပြီး တရုတ်အထူးကိုယ်စားလှယ်က တစ်စုံတစ်ရာပြောကြားခဲ့မှု မရှိဟု ခိုင်သုခက ဆိုသည်။

“အဲဒီကိစ္စကို ပြောကြားခဲ့တာမရှိဘူး။ အဓိကတော့ အခုဖြစ်နေတဲ့ တိုက်ပွဲတွေကို လျှော့ချနိုင်ဖို့ အဲဒီကိစ္စတွေပဲ ပြောခဲ့တာ” ဟု ၎င်းကပြောသည်။

အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းသည် ရက္ခိုင့်တပ်တော်(AA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တစ်ချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တရုတ်သမ္မတ ရှိကျင့်ဖျင် လည်း မြန်မာနိုင်ငံသို့ ဇန်နဝါရီလ (၁၇)ရက်မှ (၁၈)ရက်အထိ လာရောက်မည်ဖြစ်ကာ မြန်မာအစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ လက်ရှိတွင် AA အပါအဝင် ကိုးကန့်(MNDAA)၊ တအာင်း(TNLA)တို့က ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်ကာ

နှစ်လတိတိ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေငြာထားသည်။ သို့သော် ရခိုင်ပြည်နယ်အတွင်းတွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားမှုရှိနေသည်။

ဗီဒီယိုများ