ရခိုင်ပြည်နယ်၏ ၅ နှစ်ဆက်တိုက် အောင်ချက်နိမ့်ကျမှုအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ မေးခွန်းထုတ်

ရခိုင်ပြည်နယ်သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်း နိမ့်ကျနေရသည့် အကြောင်းအရင်းနှင့် လာမည့် ၂၀၂၀ ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း တိုးလာအောင် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ယနေ့စက်တင်ဘာလ ၅ ရက်နေ့တွင် မေးမြန်းခဲ့သည်။

By ဝင်းညွန့် 05 Sep 2019


ဝင်းညွန့် | DMG

စက်တင်ဘာ ၅ ၊စစ်တွေ

ရခိုင်ပြည်နယ်သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်း နိမ့်ကျနေရသည့် အကြောင်းအရင်းနှင့် လာမည့် ၂၀၂၀ ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း တိုးလာအောင် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ယနေ့စက်တင်ဘာလ ၅ ရက်နေ့တွင် မေးမြန်းခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များထဲတွင် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းသည် ၅ နှစ်တာ ကာလအတွင်း ဒုတိယမြောက် အနိမ့်ပါးဆုံးအဖြစ် ပိုင်ဆိုင်ထားပြီး ချင်းပြည်နယ်သည် ပထမအနိမ့်ဆုံး ဖြစ်ကြောင်း ဒေါ်ထုမေကဆိုသည်။

“၅ နှစ်တာကာလမှာ စာမေးပွဲဖြေဆိုသူဦးရေးများပြားလာပေမဲ့ အောင်မြင်သူအရေအတွက်ဟာ ၂၀၁၉ ခုနှစ်မှသာ အနည်းငယ်တိုးတက်ခဲ့တာကို တွေ့ရတယ်။ ဒုတိယ အောင်ချက်အနိမ့်ဆုံးနေရာမှာပဲ ရပ်တည် နေတာတွေ့ရတယ်” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ အောင်ချက်နည်းရသည့်အကြောင်းအရင်း များစွာရှိနေကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆိုသည်။

အောင်ချက်ရာခိုင်နှုန်း နည်းလာသော်လည်း ဖြေဆိုသူဦးရေမှာ တစ်နှစ်ထက်တစ်နှစ်တိုးလာနေပြီး အောင်မြင်သူ ဦးရေလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာကြောင်း ၎င်းကပြောသည်။

“အောင်ချက်ရာနူန်းနည်းပေမယ့် အောင်သူဦးရေဟာ အခြားပြည်နယ်များနည်းတူ တိုးတက်မှုရှိတယ်” ဟု ဦးဝင်းမော်ထွန်းက ဆိုသည်။

အခြေခံပညာဦးစီးဌာနအနေဖြင့် စစ်တွေတက္ကသိုလ်နှင့် ပူးပေါင်းကာ လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဘာသာရပ် ဆွေးနွေးရန်ပြုလုပ်ခြင်း၊ ပြည်နယ်ပညာရေးမှူးမှ အောင်ချက်လုံးဝမရှိသည့် ကျောင်းများကို ခေါ်ယူတွေ့ဆုံပြီး အောင်မြင်သောကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်၏ပညာရေးမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်မြင့်မားလာ နေကြောင်း သြဂုတ်လ ၂ ရက်နေ့က ကျောက်ဖြူမြို့ အ.ထ.က(၁)ကျောင်းတွင် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

“ဘယ်လိုပဲ ကျွန်တော်တို့မှာ အခက်ခဲတွေရှိရှိ၊ စိန်ခေါ်မှုတွေရှိရှိ ကျွန်တော်တို့နည်းလမ်းမှန်မှန်နဲ့လုပ်မယ်။ ကျွန်တော်တို့ဒီနေ့ကစလို့ တာဝန်ကျေကျေနဲ့လုပ်ရမယ်” ဟု ဝန်ကြီးချုပ်ဦးညီပုက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆရာ၊ ဆရာမများအနေဖြင့်လည်း ကိုယ့်ပြည်နယ်၊ ကိုယ့်တပည့်များ ပညာရည်မြင့်မားရေးအတွက် ရှေ့ဆက်ပြီး ညီညီညွတ်ညွတ်ဆောင်ရွက်ပါက ယခုထက်ပိုမိုအောင်မြင်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က မှာကြားခဲ့သည်။

ရခိုင်ပြည်နယ်သည် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက် ၂၁ ရာခိုင်နှုန်းကျော်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၂၃ ရာခိုင်နှုန်းကျော်အထိ တိုးလာခဲ့သော်လည်း အခြားပြည်နယ်နှင့် တိုင်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယအောင်ချက်အနိမ့်ဆုံးနေရာတွင် ရပ်တည်လျက်ရှိနေခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားစုစုပေါင်း ၅၁၈၉၂၅ ဦးရှိပြီး ဆရာနှင့်ကျောင်းသားအချိုးမှာ အထက်တန်းအဆင့်တွင်(၁း၂၁)၊ အလယ်တန်းအဆင့်တွင် (၁း၁၆)နှင့် မူလတန်းအဆင့်တွင်(၁း၂၄)ဖြစ်ကြောင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်စာရင်းအရ သိရသည်။

 

ဗီဒီယိုများ