ကျောက်တန်းဒေသခံများ ပစ်ခတ်ခံရမှုဖြစ်စဉ် ကွင်းဆင်းစစ်ဆေးမှု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

ကျောက်တန်းကျေးရွာတွင် ပြီးခဲ့သည့် မေလ ၂ ရက်နေ့က ကျေးရွာသား ၂၇၅ ဦးကို တပ်မတော်က ထိန်းသိမ်း စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိသွားသည်။ ထို့ကြောင့် လူ့အခွင့်အရေးကော်မရှင်က မေလ နောက်ဆုံးပတ်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် တွေ့ရှိချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

13 Jun 2019

နေရောင်မင်း | DMG

ဇွန် ၁၃၊ စစ်တွေ

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာသားအချို့အပေါ် သံသယရှိသကဲ့သို့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ကျေးရွာသားများဘက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ကျောက်တန်းကျေးရွာတွင် ပြီးခဲ့သည့် မေလ ၂ ရက်နေ့က ကျေးရွာသား ၂၇၅ ဦးကို တပ်မတော်က ထိန်းသိမ်း စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိသွားသည်။ ထို့ကြောင့် လူ့အခွင့်အရေးကော်မရှင်က မေလ နောက်ဆုံးပတ်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် တွေ့ရှိချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုသို့ ထုတ်ပြန်ရာတွင်  ခေတ္တထိန်းသိမ်းထားသူများထဲမှ ရွာသားတစ်ဦး ထွက်ပြေးရန် ကြိုးစားခြင်းကြောင့် အပေါ်သို့ ပစ်ခတ်မှု စတင်ခဲ့ကြောင်း၊ ယင်းသို့ ခြောက်လှန့်ပစ်ခတ်စဉ် ခေတ္တ ထိန်းသိမ်းထားသူများအနက် စိတ်မနှံ့သူဟု ဆိုသူတစ်ဦးက အော်ဟစ်သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသောကြောင့် လုံခြုံရေးတာဝန် ကျသူများက ပစ်ခတ်ခဲ့ကြောင်း၊ ထွက်ပြေးရန် ကြိုးစားသူများကို ဟန့်တားရန် လုံခြုံရေးတာဝန်ကျသူများက အပေါ်သို့ ထောင်၍ ခြောက်လှန့်ပစ်ခတ်ခဲ့သော်လည်း အချို့က ကင်းအဖွဲ့ရှိရာသို့ ပြေးဝင်လာ သဖြင့် ပစ်ခတ်ခံရသည်ဟု ထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်တွင် AA အဖွဲ့ဝင်များ ကျေးရွာအတွင်း၌ ရွာသားများနှင့် ရောနှောဖုံးကွယ်နေ သည်ဟု သတင်းရရှိသဖြင့် စိစစ်ဖော်ထုတ်ရန် ဆောင်ရွက်ရာမှ ဖြစ်ပွားခဲ့သည်ဟု သိရှိကြောင်းလည်း လူ့အခွင့် အရေးကော်မရှင်က ဆိုထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများအကြား အပြန် အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်းနှင့် နောင်တွင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပွားစေရေးအတွက် သက်ဆိုင်သူများက ဂရုပြုဆောင်ရွက်သင့်ကြောင်းလည်း အကြံပြုသည်။

ကော်မရှင်သည် စစ်တွေမြို့ ရဲစခန်းတွင် အချုပ်ဖြင့် ထိန်းသိမ်းထား ပြီး တရားရင်ဆိုင်နေရသူ ရွာသား ၈ ဦး၊ ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် ဒဏ်ရာရရှိသူအပါအဝင် အခြား ရွာသား ၆ ဦး၊ ဖြစ်စဉ်တွင် သေဆုံးသွားကြသူများ၏ ဇနီး၊ မိဘ၊ ဆွေမျိုး ၇ ဦး၊ လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် တပ်မတော်သား ၈ ဦး၊ ရဲစခန်းတွင် အချုပ်ဖြင့် ထိန်းသိမ်းထားပြီး တရားရင်ဆိုင်နေရသူများ၏ဇနီး၊ မိဘ၊ ဆွေမျိုး ၈ ဦး၊ အလောင်းများအား ရင်ခွဲစစ်ဆေးခဲ့သူ ဆရာဝန် ၁ ဦး၊ စုစုပေါင်း ၃၈ ဦးတို့နှင့် ဒေသခံ များကို မေးမြန်းခဲ့သည်။

ကော်မရှင်အနေဖြင့် မြေပြင်ကွင်းဆင်း စစ်ဆေးချက်များကိုလည်း အစိုးရထံသို့ တင်ပြထားသည်။

ကျောက်တန်းဒေသခံများ ပစ်ခတ်ခံရမှုဖြစ်စဉ်သည် ထိန်းသိမ်းခံထားရသူများအနက် စိတ်မနှံ့သူ တစ်ဦးက အော်ဟစ်စဉ် ပစ်ခတ်ခြင်းခံရသည်ဟု ဒဏ်ရာရရှိသူများက ပြောဆိုထားသည်။

ဗီဒီယိုများ