တိုက်ပွဲဖြစ်ပွားနေသည့်နေရာများတွင် လူ့အခွင့်အရေးမရှိတော့ပြီလားဟု ထင်ရကြောင်း ရခိုင်အမတ်ပြော

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့်နေရာများတွင် လူ့အခွင့်အရေးမရှိတော့ပြီလားဟု ထင်ရကြောင်း ရခိုင်ပြည်နယ် အမှတ်(၅) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ဆိုသည်။

15 Nov 2019

တပ်မတော်၏ သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုကိုခံခဲ့ရသည့် မြောက်ဦးမြို့မှ ကိုဇော်ဝင်းလှိုင်မှာ ကိုယ်ခန္ဓာများတွင် ဒဏ်ရာများရှိနေသည့်အပြင် သွေးအန်သည့်အတွက် စစ်တွေဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှုခံယူနေစဉ် ဇူလိုင်လ ၁ ရက်နေ့တွင် သေဆုံးသွားသည်။ (ဓာတ်ပုံ - ဖဒူ ထွန်းအောင်)

ဝင်းညွန့် | DMG
နိုဝင်ဘာ ၁၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့်နေရာများတွင် လူ့အခွင့်အရေးမရှိတော့ပြီလားဟု ထင်ရကြောင်း ရခိုင်ပြည်နယ် အမှတ်(၅) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့်နေရာများတွင် ရောက်ရှိနေသည့် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိမှုမှာ အရပ်သားပြည်သူများအနေဖြင့် လူ့အခွင့်အရေးမရှိတော့သလိုဖြစ်နေကြောင်းနှင့် သံသယဖြင့် ဖမ်းဆီးခံရသူများထဲမှလည်း စစ်ဆေးခံရစဉ်အတွင်းသေဆုံးခဲ့ရသူ ၁၀ ဦးကျော်အထိရှိနေသည်ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပခဲ့သည့်  ပြည်ထောင်စုလွှတ်တော်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနှင့်ပတ်သက်၍ ဦးမြင့်နိုင်က အကြံပြုဆွေးနွေးရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်ပွားလို့ ရွာလုံးကျွတ်ထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ အရပ်သားပြည်သူတွေ၊ စာသင်ကျောင်းတွေကို မရောက်နိုင်တဲ့ ကလေးငယ်တွေ၊ အင်တာနက် သုံးစွဲခွင့်မရတဲ့ ပြည်သူတွေ။ ဒီအချက်အလက်တွေနဲ့ပတ်သက်လို့ ကော်မရှင်ရဲ့အစီရင်ခံစာမှာ တစ်စွန်းတစ်စမှ ပါရှိလာတာမတွေ့ရပါဘူး။ ဒါတွေကို လူ့အခွင့်အရေးကော်မရှင်အနေနဲ့ အလေးထားဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုလိုပါတယ်” ဟု ဦးမြင့်နိုင်က ဆိုသည်။

ယခုကော်မရှင်၏အစီရင်ခံစာတွင် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာကိစ္စ တစ်ခုသာပါဝင်ပြီး ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးနှင့်ပတ်သက်သည့်ဖြစ်စဉ်များမှာ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင်လည်း ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ်တွင် အောက်သားကန်ကျေးရွာပစ်ခတ်မှုကြောင့် ကျေးရွာသား (၇) ဦးဒဏ်ရာရရှိပြီး နှစ်ဦး သေဆုံးမှု၊ ရွာဟောင်းတောကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်ပြီး ရွာသားအချို့ဒဏ်ရာရရှိကာ နေအိမ်အချို့မီးလောင်ပျက်စီးမှု၊ ကျောက်ရစ်ကေကျေးရွာပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့မှု၊ လက္ကာကျေးရွာအတွင်းမှ (၁၉) ဦး ဖမ်းဆီးမှုတွင် စစ်ဆေးစဉ်အတွင်း ၃ ဦးသေဆုံးခဲ့မှုများရှိခဲ့ကြောင်း ပြောသည်။

မင်းပြားမြို့နယ်တွင် ပန်းမြောင်းကျေးရွာတွင် နေအိမ်များကိုဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းများယူဆောင်သွားခဲ့မှု၊ ပန်းမြောင်းကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်ပြီး နေအိမ်အတွင်းထမင်းစားနေသူ (၃) ဦး သေဆုံးခဲ့ကြောင်းလည်း ဆိုသည်။

ရသေ့တောင်မြို့နယ်တွင် သမီးလှကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး နေအိမ်မှပစ္စည်းများ ယူဆောင်သွားမှု၊ မင်းဖူးကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် မရီရီစိုးသေဆုံးပြီး မဧပြီစိုး ဒဏ်ရာရရှိမှု၊ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာပစ်ခတ်မှုကြောင့် ဗုံးခိုကျင်းတွင်ပုန်းအောင်းနေသည့် ရွာသား ၅ ဦး တစ်နေရာတည်းတွင် သေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။

ကျောက်တော်မြို့နယ်တွင် မျောက်တောင်ကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့မှု၊ မလ္လာကျေးရွာအနီး မိုင်းပေါက်ကွဲမှုကြောင့် မောင်ခိုင်လင်းကျော်သေဆုံးမှု၊ မီးဝကျေးရွာမှ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် လက်နက်ကြီးကျည် ပေါက်ကွဲမှုတို့ကြောင့် ကျောင်းထိုင်ဆရာတော်၊ ကိုရင်တစ်ပါး၊ ဆရာမအပါအဝင် ၅ ဦးထိခိုက်ခဲ့မှုနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဗုဒ္ဓေါကျေးရွာ ပစ်ခတ်မှုတို့ရှိကြောင်း ဦးမြင့်နိုင်က ဆိုသည်။

ကော်မရှင်၏အစီရင်ခံစာအရ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့်ပတ်သက်ပြီး ပြည်သူများ၏ တိုင်ကြားစာအများစုမှာ ဌာနဆိုင်ရာ၊ ဝန်ကြီးဌာနများနှင့်ပတ်သက်သည့် တိုင်ကြားစာများ များပြားနေသောကြောင့် လူ့အခွင့်အရေးကျူးလွန်မှုများနေသည့် ဝန်ကြီးဌာနများကို ပြည်သူများအပေါ် ပိုမိုစာနာလာနိုင်စေရန် ပညာပေးနှိုးဆော်မှုများ ပိုမိုဆောင်ရွက်ပေးသင့်ကြောင်းလည်း ဦးမြင့်နိုင်က အကြုံပြုဆွေးနွေးခဲ့သည်။

“လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ကမ္ဘာကုလမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတန်းပါ အချက်အလက်တွေနဲ့အညီ ပြည်သူတွေ အပြည့်အဝရရှိလာနိုင်ရေး အစိုးရအနေနဲ့ဆောင်ရွက်ပေးရန်လိုအပ် ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့်နေရာများတွင် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ အမှန်တကယ်ရှိနေသည်မှာ လွှတ်တော်ကိုယ်စားလှယ်များ မိမိမဲဆန္ဒနယ်နယ်မြေအတွင်း ကွင်းဆင်းလိုက်သည်နှင့် တွေ့မြင်နေရကြောင်လည်း ဦးမြင့်နိုင်က တင်ပြဆွေးနွေးခဲ့သည်။

ဗီဒီယိုများ