ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံရမှုများ မြင့်တက်လာ

ရခိုင်ပြည်နယ်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံရမှုများ မြင့်တက်လျက်ရှိနေသည်။

By မင်းထွန်း 10 Jun 2020

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် တပ်မတော်ရေယာဉ်ပေါ်တွင် နှိပ်စက်ခံခဲ့ရသူများအား ရုံးထုတ်လာစဉ်။

မင်းထွန်း | DMG
ဇွန်လ ၁၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံရမှုများ မြင့်တက်လျက်ရှိနေသည်။

ယခုနှစ်မေလအတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံခဲ့ရသူ စုစုပေါင်း ၁၃ ဦးရှိခဲ့ပြီး တရားစွဲမခံရသေးပဲ ဖမ်းဆီးခံထားရသူ ၆၅ ဦးထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အစိုးရက မတရားအသင်းဖြင့် အကြမ်းဖက်အုပ်စု အဖြစ်ကြေငြာခဲ့ပြီးနောက် ယခုကဲ့သို့ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုမှုများ မြင့်တက်လာခြင်းဖြစ်ကြောင်း ဝေဖန်မှုများရှိနေပြီး ထိုသို့ဖမ်းဆီးတရားစွဲဆိုခံရသူများထဲတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပါ ပါဝင် လာနေသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့နှင့် ဇွန်လ ၃ ရက်နေ့တို့တွင် မြေပုံမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးကို ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ထိုသို့ တရားစွဲဆိုမှုများဖြစ်လာသည့်အတွက် မြေပုံမြို့နယ်အတွင်းမှ အခြားရပ်/ကျေးအုပ်ချုပ်ရေးမှူးများ မှာလည်း လုံခြုံမှုမရှိဟုဆိုကာ တာဝန်မှနှုတ်ထွက်ရန် စာတင်ခဲ့ကြသည်။

ယင်းသို့ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက “ဒီလို လုပ်တယ်ဆိုတာက ဥပဒေကြောင်းအရ မှန်တယ်ဆိုရင်တော့တစ်မျိုးပေါ့နော်။ အဲဒါကို လုပ်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် တဖက်ကပြန်ကြည့်တဲ့အခါ အုပ်ချုပ်မှုယန္တရားတွေ အကုန်လုံးဟာ ပျက်စီးသလို ဖြစ်သွားတယ်။ အုပ်ချုပ်မှုယန္တရားတွေ ပျက်စီးသွားတဲ့မြို့နယ်တွေမှာ အုပ်ချုပ်ရေးရပ်စဲသွားသလို ဖြစ်သွားတယ်။ ပြန်လည်ပြီး ဖွဲ့စည်းဖို့ဆိုတာကလည်း မလွယ်ဘူး။ တော်တော်လေးကို အချိန်ယူရမယ့်သဘောရှိတယ်” ဟု ပြောသည်။

(ULA/AA)ကို အကြမ်းဖက်အုပ်စုအဖြစ်မကြေညာမီ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့အထိ စာရင်းများအရ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူထားသည့် အမှုပေါင်း ၁၀၉ မှုရှိကြောင်း ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းက ပြည်နယ်လွှတ်တော်အတွင်း တင်ပြချက်များအရ သိရသည်။

AA နှင့်ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် တစ်နှစ်ခန့်အကြာ အမှုရင်ဆိုင်ခဲ့ပြီးနောက် အပြစ်မရှိ၍ ပြန်လည်လွတ်လာသူတစ်ဦးက အမှုရင်ဆိုင်ခဲ့စဉ်အတွင်း များစွာနစ်နာမှုများရှိခဲ့ကြောင်း ပြောသည်။

“မဟုတ်ဘဲ စွပ်စွဲခံခဲ့ရတာပေါ့၊ ကျနော်တို့အတွက် နစ်နာတာတွေရှိတယ်၊ မိသားစုအခက်အခဲ၊ သားသမီးကဏ္ဍ တွေလည်း ရှိတာပေါ့။ ကျနော်တို့အမှုက ပိုက်ဆံလည်းပေးရ၊ အရိုက်လည်းခံရ ဖြစ်နေတာပေါ့။ အဲလိုမျိုးတွေ ခံရတာ” ဟု ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ကိုမောင်မောင်လှိုင်က ဆိုသည်။

ဆက်လက်၍ ကိုမောင်မောင်လှိုင်က “ရခိုင်က တခြားသူတွေဆိုရင်လည်း အသတ်(အရိုက်)ခံရတယ်၊ ပိုက်ဆံ လည်းပေးရတယ်။ အဲလိုမျိုးတွေ လွတ်လာတဲ့လူတွေပဲရှိတယ်။ ကျနော်လည်း အဲဒီလိုပဲလွတ်လာခဲ့တာပါ။ ကျနော်တို့ကို စစ်တပ်က တအားရိုက်တယ်။ နောက်ပြီးတော့ စရဖတို့လာပြီးရိုက်တယ်၊ ထောင်ထဲကိုလာပြီး မေးတယ်။ အဲလိုမျိုးတွေ ခံခဲ့ရတယ်”ဟု ဆိုသည်။

ကိုမောင်မောင်လှိုင်အပါအဝင် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသား ၆ ဦးအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့က အေအေနှင့်ဆက်နွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်း ခံခဲ့ရသည်။ ယင်းသို့ တရားစွဲခံရပြီးနောက် အမှုနှင့်ငြိစွန်းမှုမရှိသဖြင့် ၂၀၂၀ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း အရပ်သားများ ဖမ်းဆီးခံရမှုအပါအဝင် သေဆုံးဒဏ်ရာရရှိမှု များလည်း တစ်နေ့တစ်ခြား ပိုများလာနေသည့်အတွက် တိုက်ပွဲများရပ်တန့်ကာ နိုင်ငံရေးအရဆွေးနွေးရန် လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောသည်။

အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့မျက်နှာကိုကြည့်ပြီးတော့ အမြန်ဆုံးပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည် ဖော်သင့်ပြီလို့ တောက်လျှောက် တိုက်တွန်းနေတာဖြစ်ပါတယ်။ ဒီစစ်ပွဲတွေကို အမြန်ဆုံးချုပ်ငြိမ်းဖို့ လိုအပ်ပါတယ်။ ဒီစစ်ဖြစ်နေတဲ့အတွက်ကြောင့် ဘယ်သူ့မှာမှ အကျိုးမရှိ ပါဘူး” ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပြည်သူများမှာ ဆိုးကျိုးများသာခံစားနေရသဖြင့် စစ်ပွဲများကိုအမြန်ဆုံးရပ်သင့်ကာ ပြည်တွင်းငြိမ်းချမ်းရေးကို လက်နက်ကိုင်ပြီးမဖြေရှင်းဘဲ နိုင်ငံရေးအရ စားပွဲဝိုင်းတွင် အမြန်ဆုံးဖြေရှင်းသင့်ကြောင်းလည်း ဦးအောင်မျိုးကျော်က တိုက်တွန်းပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ မှ လက်ရှိအချိန်အထိဖြစ်ပွားနေပြီး တိုက်ပွဲဧရိယာအတွင်းမှ ဒေသခံတစ်သိန်းငါးသောင်းခြောက်ထောင် ကျော်မှာလည်း စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဗီဒီယိုများ