စားနပ်ရိက္ခာ ထောက်ပံ့ပေးရန်သွားသည့် ICRC စက်လှေအား တပ်မတော်ရေယာဉ်မှ တားမြစ်ဟု ဒေသခံများဆို

ရသေ့တောင်မြို့နယ်မှ ကျေးရွာများသို့ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးရန်သွားသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ငှားရမ်းအသုံးပြုသည့် စက်လှေမှာ ယမန်နေ့က မယူမြစ်အတွင်းရှိ တပ်မတော်ရေယာဉ်မှ သွားခွင့်မပြုသဖြင့် ပြန်လှည့်သွားခဲ့ရကြောင်း ဒေသများထံမှ သိရသည်။

By နှင်းနွယ် 25 Dec 2020

ဓါတ်ပုံ - ICRC

နှင်းနွယ် | DMG                      
ဒီဇင်ဘာ ၂၅ ၊ စစ်တွေ

ရသေ့တောင်မြို့နယ်မှ ကျေးရွာများသို့ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးရန်သွားသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ငှားရမ်းအသုံးပြုသည့် စက်လှေမှာ ယမန်နေ့က မယူမြစ်အတွင်းရှိ တပ်မတော်ရေယာဉ်မှ သွားခွင့်မပြုသဖြင့် ပြန်လှည့်သွားခဲ့ရကြောင်း ဒေသများထံမှ သိရသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် ရသေ့တောင်မြို့နယ်ရှိ အုတ်ဖိုအုပ်စုနှင့် ဆင်ခုံးတိုင် အုပ်စုတို့အား ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် စားနပ်ရိက္ခာများထောက်ပံ့ရန် လာရောက်ခဲ့သော်လည်း တပ်မတော်ရေယာဉ်မှ ခွင့်မပြုသဖြင့် ပြန်လှည့်သွားခဲ့ရကြောင်း ဆင်ခုံးတိုင်အုပ်ချုပ်ရေးမှူးဦးမောင်ဘုက DMG သို့ပြောသည်။

“ကျနော်တို့လည်း ရောက်မလာလို့ ဖုန်းဆက်ကြည့်တော့ ပြည်နယ်ထောက်ခံချက်တွေ၊ ခရိုင်ထောက်ခံချက်တွေ အကုန်ပါပေမယ့် မြို့နယ်ကထောက်ခံချက်မပါတဲ့အတွက် တပ်မတော်ရေယာဉ်က သွားခွင့်မပေးဘဲ ပြန်လွှတ်လိုက်တယ်ဆိုပြီး ICRC ရုံးက အကြောင်းပြန်တယ်။ နောက်ထပ် ဘယ်နေ့ထပ်လာမလဲဆိုတာတော့ ပြောမသွားဘူး” ဟု ၎င်းကပြောသည်။

ထိုသို့လာရောက်မည်ဟု ပြောဆိုထားသောကြောင့် ကူညီဆောင်ရွက်ပေးနေသည့် ရွာသားတချို့မှာလည်း မြစ်ဆိပ်ကမ်း၌ ပစ္စည်းများကူချပေးရန် သုံးနာရီကြာ သွားရောက်စောင့်နေခဲ့ကြောင်း အဆိုပါ ရွာသားများက ပြောသည်။

မြစ်ဆိပ်ကမ်း၌ သွားရောက်စောင့်နေခဲ့သည့် အုတ်ဖိုကျေးရွာမှ ကိုဝင်းနိုင်က “ကျနော်တို့ မနေ့က သူတို့ဝင်လာလို့ရှိရင် ပစ္စည်းတွေ ကူချမယ်၊ လုပ်စရာရှိတာလုပ်မယ်ဆိုပြီး မြစ်ကမ်းမှာ သွားစောင့်နေကြတယ်။ ညနေပိုင်းထိ ရောက်မလာဘူး။ ကိုဗစ်နဲ့စစ်ရေးကြား ပြည်သူတွေ အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ တပ်မတော်အနေနဲ့ မထောက်ပံ့ပေးရင်တောင် ကူညီပေးနေတဲ့သူတွေကို အခုလိုမလုပ်သင့်ဘူး။ ဒါက ကျနော်တို့ ပြည်သူတွေအတွက် အရမ်းနစ်နာတယ်’’ ဟု ပြောသည်။

ဒုက္ခရောက်နေသည့် ပြည်သူများအတွက် သယ်ပို့ယူဆောင်လာသည့် ရိက္ခာများအား တားဆီးခြင်းမှာ ရုပ်ဆိုးလွန်းပြီး အမြင်မတော်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ကျနော်လည်း အဲဒီအနီးအနားက ဒေသခံတွေဆီက တဆင့်သိရတာ။ ဒီလိုဟန့်တားတာတွေက အရင်ကတည်းကရှိတယ်။ ဒါက နိုင်ငံတကာရဲ့ အမြင်မှာလည်း မကောင်းဘူး။ သွားတဲ့လူတွေကလည်း အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်သူမှ သွားရဲကြတာမဟုတ်ဘူး။ ဒါပေမယ့် ကြည့်ရသလောက် အစိုးရဖက်မှာ အထက်နဲ့အောက် ညှိနှိုင်းမှုမရှိကြဘူး။ အထက်က ခွင့်ပြုပေမယ့် အောက်ကလူတွေက ခွင့်မပြုတာတွေလည်းရှိတယ်”ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အကြောင်းရင်းကို အသေးစိတ်သိရှိရရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့ထံ DMG က ဆက်သွယ်ခဲ့ရာ လတ်တလောအခြေအနေ၌ အဆိုပါကိစ္စနှင့် ပတ်သက်ပြီးဖြေဆို၍ မရသေးကြောင်း ပြောသည်။

တပ်မတော်ရေယာဉ်က ဟန့်တားသည်ဆိုသည့် ဒေသခံများ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရသေ့တောင်မြို့နယ်၊ မယူမြစ်အတွင်းတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) ၏ ရိက္ခာများသယ်ဆောင်လာသည့် စက်လှေတစ်စီး ပစ်ခတ်ခံခဲ့ရသဖြင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

သို့သော်လည်း အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး  စက်လှေမှာ ICRC ၏ စက်လှေမဟုတ်သည့်အပြင် ယင်းအပေါ်တွင် လိုက်ပါလာသူများမှာ  အေအေအဖွဲ့ဝင်များဖြစ်ပြီး တပ်မတော်ရေယာဉ်ကို စတင်ပစ်ခတ်ခြင်းကြောင့် ခြောက်လှန်ပစ်ခတ်ခြင်းဖြစ်ကြောင်း တပ်မတာ်က သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ