ပဋိပက္ခဒဏ် ခံစားနေရသော ဒေသခံများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးစီမံကိန်း ၁၁ ခုကို ICRC က ဆောင်ရွက်မည်

ရခိုင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့အတွင်း ပဋိပက္ခ (သို့မဟုတ်) အကြမ်းဖက်မှုဒဏ်ခံနေရသော ဒေသများတွင် နေထိုင်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် အကျိုးပြုစီမံကိန်း ၁၁ ခုကို အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

By မျိုးသီရိကျော် 05 Dec 2020

Photo - ICRC

မျိုးသီရိကျော် | DMG
ဒီဇင်ဘာ ၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့အတွင်း ပဋိပက္ခ (သို့မဟုတ်) အကြမ်းဖက်မှုဒဏ်ခံနေရသော ဒေသများတွင် နေထိုင်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် အကျိုးပြုစီမံကိန်း ၁၁ ခုကို အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများအရ စိုက်ပျိုးရေး၊ လယ်ယာလုပ်ငန်းအပေါ် အထောက်အကူပြုသောပစ္စည်းများ၊ ကောက်ပဲ သီးနှံ အရည်အသွေးနှင့် အထွက်နှုန်း ပိုမိုတိုးမြှင့်ကောင်းမွန်လာစေရန် ရည်ရွယ်ကြောင်း ICRC က ဆိုသည်။

အလားတူ မွေးမြူရေးလုပ်ငန်းလုပ်ဆောင်သူများအား ပိုမိုကောင်းမွန်သော မွေးမြူရေးလုပ်ငန်းများဖြစ်စေရန် ပံ့ပိုးကူညီခြင်း၊ အရည်အသွေးပြည့်ဝသော အစာထောက်ပံ့ပေးခြင်းနှင့် အခြေခံစောင့်ရှောက်မှုများ၊ နည်းပညာ ဆိုင်ရာအကြံဉာဏ်များပေးမည့် ရပ်ရွာအခြေပြုတိရိစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများအား သင်တန်းပို့ချပေးခြင်း စသည့်အကူအညီများကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ပေးအပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားကိုယ်စားလှယ် Stephan Sakalian က “ပဋိပက္ခဒဏ်ခံနေရတဲ့ နေရာတွေမှာ ထိုင်နေတဲ့ မိသားစုတွေဟာ မကြာခဏဆိုသလို လယ်ယာလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေကို ရေရှည် တည်တံ့အောင် လုပ်ကိုင်နိုင်ဖို့အတွက် အလွန်ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာ ကျွန်တော်တို့ သိရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် ကံမကောင်းစွာနဲ့ပဲ COVID-19 ရောဂါကြောင့် သူတို့ဟာ ပိုမို ခက်ခဲတဲ့အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်” ဟု DMG ၏ Eamil မှတဆင့်မေးမြန်းမှုကို ဖြေကြားသည်။

၎င်းစီမံကိန်း ၁၁ ခုအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ အကြား ပူးပေါင်းကာဆောင်ရွက်နေကြောင်း သိရသော်လည်း စီမံကိန်းများ ကြာမြင့်မည့်အချိန်နှင့် အပြီးသတ် ဆောင်ရွက်မည့်ကာလကိုမူ ICRC က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ဒေသမတည်ငြိမ်ခြင်းကြောင့် မိမိပိုင်ဆိုင်သည့် တိရစ္ဆာန်များ၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးနေချိန် ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်းမှာ အသေးစားလယ်ယာလုပ်ကိုင်သူများအတွက် အထောက်အကူတစ်ခုဖြစ်စေသည်ဟု ရသေ့တောင်မြို့နယ်၊ ကန်ပြင်ကျေးရွာမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ မောင်ထွန်းစိန်က ပြောသည်။

“အခုလိုမျိုးပဋိပက္ခတွေကြောင့် အခက်အခဲကြုံနေရတဲ့အချိန်မှာ ထောက်ပံ့ကူညီပေးတာဟာ ကျေးဇူးတင်ရမှာ ပေါ့နော်။ ရသလောက်နဲ့ ရတဲ့အတိုင်းအတာတစ်ခုအထိ ဝမ်းသာပါတယ်။ ဘယ်အချိန်မှာပဲ ကူညီကူညီ ကျနော်တို့က ကြိုဆိုပါတယ်” ဟု ၎င်းကဆိုသည်။

စိုက်ပျိုးရေးနှင့်ပတ်သက်သည့် မျိုးစေ့များထောက်ပံ့ပေးလျှင်လည်း တနိုင်တပိုင်နှင့် ကိုယ်ပိုင်စိုက်ပျိုးရေးများ လုပ်ဆောင်နိုင်သည်ဟုလည်း ဆိုကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း အိုးအိမ် စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေမှာ ၁ သိန်း ၉ သောင်းကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)၏ ဒီဇင်ဘာ ၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရသိရသည်။

နိုဝင်ဘာလ ဒုတိယပတ်မှစတင်ကာ တိုက်ပွဲဖြစ်ပွားမှု လျော့ကျလာခြင်းကြောင့် စစ်ဘေးရှောင်အချို့ နေရပ်ပြန်မှုများရှိနေသော်လည်း အများစုမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် အခက်အခဲအများအပြားနှင့် ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ