တိမ်ညိုဒုက္ခသည်စခန်းတွင် ဆန်ရိက္ခာ လိုအပ်လာမည်ဆိုပါက အာဏာပိုင်များနှင့်ဆွေးနွေးပြီး ကူညီပေးသွားမည်ဟု ICRC ပြော

“အကယ်၍ (တိမ်ညိုဒုက္ခသည်စခန်းမှာ) ဆန်ရိက္ခာကို ထပ်၍လိုအပ်လာမည်ဆိုပါက ကျွန်တော်တို့ ICRC အနေဖြင့် အာဏာပိုင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ဆန်အပြင် တခြားရိက္ခာတွေအတွက် အမြန်ဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” 

23 Aug 2019

ဇူလိုင်လလယ်ပိုင်းက ရေနစ်မြုပ်နေသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို တွေ့ရစဉ်

ဝင်းညွန့် | DMG

သြဂုတ် ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုဒုက္ခသည်စခန်းတွင် ဆန်ရိက္ခာများလိုအပ်လာမည်ဆိုပါက အာဏာပိုင် များနှင့်ဆွေးနွေးပြီး ကူညီပေးသွားမည်ဖြစ်ကြောင်း ICRC က ပြောသည်။

“အကယ်၍ (တိမ်ညိုဒုက္ခသည်စခန်းမှာ) ဆန်ရိက္ခာကို ထပ်၍လိုအပ်လာမည်ဆိုပါက ကျွန်တော်တို့ ICRC အနေဖြင့် အာဏာပိုင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ဆန်အပြင် တခြားရိက္ခာတွေအတွက် အမြန်ဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ICRC က DMG သို့ ပြောသည်။

မြောက်ဦးမြို့နယ် တိမ်ညိုဒုက္ခသည်စခန်းအတွက် ICRC မှ ဆန်ရိက္ခာထောက်ပံ့ပေးမှုများကို ရပ်တန့်ထားရန် ပြည်နယ်အစိုးရအဖွဲ့မှ မကြာသေးမီရက်ပိုင်းက ညွှန်ကြားလိုက်သည်။

တိမ်ညိုစခန်းတွင်ရှိသည့် ဒုက္ခသည်များအတွက် ယခုလတွင်စားသုံးရန် ရိက္ခာလုံလောက်မှုရှိသည်ဟုဆိုကာ ပြည်နယ်အစိုးရအဖွဲ့မှ ICRC ၏ထောက်ပံ့မှုကို ရပ်တန့်ထားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း စခန်း တာဝန်ရှိသူမှ ပြောသည်။

တိမ်ညိုဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေ သုံးထောင်ခန့်ခိုလှုံနေထိုင်လျက်ရှိပြီး ဒုက္ခသည်များစားသုံးရန် တစ်လလျှင် ဆန်အိတ်တစ်ထောင်ကျော်မျှ ကုန်ကျမှုရှိပြီး လက်ရှိစခန်းတွင် ဆန်အိတ် ၁၀၀ ကျော်သာ ရှိတော့ကြောင်း စခန်းတာဝန်ခံ ဦးစိုးနိုင်ကပြောသည်။

“အဓိက အခက်အခဲကတော့ ဆန်ပဲ။ လူဦးရေသုံးထောင်နီးနီးကို တစ်လမှာ ဆန်အိတ် တစ်ထောင့်တစ်ရာ ကျော်လောက် ထောက်ပံ့ရပါတယ်။ ကာလတန်ဖိုးအားဖြင့် သိန်း ၂၀၀ ကျော်ရှိတယ်။ အဲ့လောက်ပမာဏကို အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ရှာကြံဖို့ခဲယဉ်းပါတယ်။ ဒါကြောင့် ICRC က ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်မယ် ဆိုရင် ကျနော်တို့စခန်းအတွက် တော်တော်ကိုရင်လေးစရာပါ” ဟု ၎င်းကဆိုသည်။

ICRC မှ ထောက်ပံ့မှုတွင် ဆန်ရိက္ခာတစ်ခုတည်းကိုသာ တားမြစ်ထားပြီး အခြားအသုံးအဆောင်များ ထောက်ပံ့ မှုကို ပြည်နယ်အစိုးရမှ ခွင့်ပြုပေးထားကြောင်း သိရသည်။ ယခုကဲ့သို့ ဆန်ရိက္ခာထောက်ပံ့မှုကို ရပ်တန့်ခံထား ရသဖြင့် တိမ်ညိုစခန်းမှ ဒုက္ခသည်များ ဆန်ရိက္ခာပြတ်လပ်သွားမည်ကို စိုးရိမ်မှုရှိနေကြသည်။

“ICRC က လစဉ်ထောက်ပံ့နေတဲ့ရိက္ခာနဲ့ လုံလောက်တာမဟုတ်ဘူး။ အခြားအလှူရှင်တွေလှူတဲ့ဆန်တွေနဲ့ မျှပြီးကျွေးနေရတာ။ လူဦးရေကလည်း တိုးလာတယ်။ အခုလို ICRC ထောက်ပံ့တာကို အစိုးရက ဟန့်တားမယ် ဆိုရင် အခုလတောင်မက နောက်လတွေမှာလည်း စခန်းအနေနဲ့တော်တော်အခက်ခဲဖြစ်လာနိုင်ပါတယ်” ဟု တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောသည်။

ယခုကဲ့သို့ တိမ်ညိုဒုက္ခသည်စခန်းအတွက် ICRC ၏ ထောက်ပံ့မှုကို ရပ်တန့်ထားရန် ပြည်နယ်အစိုးရမှ ညွှန်ကြားထားမှုအပေါ် ရခိုင်ပြည်သူများမှ ဝေဖန်မှုမြင့်မားခဲ့သည်။

ICRC အနေဖြင့် အစားအသောက်နှင့်ဆိုင်သည့် ရိက္ခာများကိုသာ အဓိကထားကူညီပံ့ပိုးနေပြီး တိမ်ညိုဒုက္ခသည် စခန်းရှိ ဒုက္ခသည်များကို ၂၀၁၉ ခုနှစ် မေလမှစတင်ကာ အကူအညီပေးနေခြင်းဖြစ်ကြောင်း၊ ဒုက္ခသည်များ၏ အခြားလိုအပ်သည့် မြေပြင်အခြေအနေများကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ၆ သောင်းကျော်အထိ ရှိလာကြောင်း စစ်ဘေးဒုက္ခသည်စာရင်းများကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး(REC)မှ ယခုလအတွင်းထုတ်ပြန်ထားသည်။

ICRC မှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များရှိ ဒေသခံများနှင့် နေရပ်စွန့်ခွာထွက်ပြေးလာသူများ နေထိုင်လျက်ရှိသည့် နေရာ ၆၀ ကျော်အား သွားရောက်လေ့လာခဲ့ကာ လူပေါင်း သုံးထောင်လေးထောင်ကျော်အား အကူအညီပေးခဲ့ကြောင်း ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် လစဉ်ပျဉ်းမျှ လူဦးရေ ရှစ်သောင်းအတွက် အစားအစာများ ပံ့ပိုး ပေးလျက်ရှိကြောင်းလည်း ICRC မှ ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများမှ ဒုက္ခသည်များကိုကူညီရန် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ICRC နှင့် WFP အဖွဲ့နှစ်ခုကိုသာ ပြည်နယ်အစိုးရအဖွဲ့မှ သွားရောက်ကူညီရန်ခွင့်ပြုထားပြီး အခြားအဖွဲ့များကို ၎င်းဒေသများသို့ သွားရောက်ခွင့်ပိတ်ပင်ထားသည်။

 

ဗီဒီယိုများ