ဒဏ်ရာရသူများကို အချိန်မရွေး ဆေးကုသမှုခံယူနိုင်စေရန် အတားအဆီးမရှိဘဲ သွားလာခွင့်ပေးရန် ICRC တိုက်တွန်း

ရခိုင်ပြည်နယ်က တိုက်ပွဲများကြောင့် ဒဏ်ရာရရှိသူတိုင်းကို အချိန်မရွေး ဆေးသမှုခံယူနိုင်စေရန် အတားအဆီးမရှိ သွားလာခွင့်ပေးပြီး လျှင်မြန်စွာခွင့်ပြုပေးရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ယမန်နေ့ မတ်လ ၂ ရက်နေ့က တိုက်တွန်းလိုက်သည်။

By အောင်ထိန် 03 Mar 2020

ဒဏ်ရာရ လူနာများကို ပို့ဆောင်နေသည့် ICRC ဝန်ထမ်းများကိုတွေ့ရစဉ်။ ဓာတ်ပုံ-ICRC


အောင်ထိန် | DMG
မတ် ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်က တိုက်ပွဲများကြောင့် ဒဏ်ရာရရှိသူတိုင်းကို အချိန်မရွေး ဆေးသမှုခံယူနိုင်စေရန် အတားအဆီးမရှိ သွားလာခွင့်ပေးပြီး လျှင်မြန်စွာခွင့်ပြုပေးရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ယမန်နေ့ မတ်လ ၂ ရက်နေ့က တိုက်တွန်းလိုက်သည်။

ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ ထိခိုက်ခံစားနေသည့်အပေါ် အလွန်စိုးရိမ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျနော်တို့ဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ပူးပေါင်းပြီးတော့ ဒဏ်ရာရရှိသူတွေကို အရေးပေါ်အသက် ကယ်ဖို့ လိုအပ်တဲ့အခြေအနေတွေမှာ အကူအညီပေးလျက်ရှိသလို ကူညီဖို့လည်း အသင့်လည်းရှိနေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် ပဋိပက္ခတွင်ပါဝင်သည့် အဖွဲ့အစည်းတိုင်းသည် အရပ်သားပြည်သူများကို အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့်ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ICRC က တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ICRC ကို လွတ်လပ်စွာ သွားလာကူညီခွင့်ပေးသင့်ကြောင်း မြောက်ဦးမြို့နယ်မှ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံးသူ (၁၃၀)ကျော်ထိ ရှိလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော်ထိရှိနေသည် ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်)မှ သိရသည်။

 

ဗီဒီယိုများ