ICRC ၏ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ဘုတ် ရသေ့တောင်မြို့နယ်အတွင်း ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ထောက်ပံ့ရေးကုန်ပစ္စည်းများကို သယ်ဆောင်လာသော မော်တော်ဘုတ်တစ်စီး ယနေ့(အောက်တိုဘာ ၂၈ ရက်)နေ့တွင် ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ်၏ ပြောဆိုချက်အရ သိရသည်။

By မျိုးသီရိကျော် 28 Oct 2020

ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေး

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ထောက်ပံ့ရေးကုန်ပစ္စည်းများကို သယ်ဆောင်လာသော မော်တော်ဘုတ်တစ်စီး ယနေ့(အောက်တိုဘာ ၂၈ ရက်)နေ့တွင် ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ်၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ မော်တော်ဘုတ်မှာ ရသေ့တောင်မြို့နယ် ပြင်ဝန်းကျေးရွာအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကာ မော်တော်ဘုတ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများကဆိုသည်။

လှေပေါ်တွင်လိုက်ပါလာသည့် ကိုဇော်ဝင်းဌေး အသက်(၁၈)မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ဦးလှဝေမောင် အသက်(၃၅)၊ ဦးမောင်သန်းဝေ အသက်(၃၅)နှစ်နှင့် ဦးကြာအေးချမ်း အသက်(၄၉)နှစ်တို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ရသေ့တောင်မြို့နယ် စစ်ဘေးရှောင်စခန်းနဲ့ ဘူးသီးတောင် မြို့နယ် စစ်ဘေးရှောင်စခန်းကို ကယ်ဆယ်ရေးပေးဖို့သွားရာမှာ နေဗီက လက်နက်ကြီးနဲ့ပစ်ခတ်လိုက်တာကြောင့် ၃ ယောက်ဒဏ်ရာရပြီး ၁၈ နှစ်သားတစ်ယောက်သေတယ်” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့နယ်မှ ဘူးသီးတောင်မြို့နယ်သို့သွားသည့် မော်တော်ဘုတ်မှာ ရသေ့တောင်မြို့နယ် ပြင်ဝန်းကျေးရွာ အနီးအရောက်တွင် ကုလားချောင်းဖက်မှပြန်လာသည့် တပ်မတော်ဇက်ရေယာဉ်မှ ပစ်ခတ်လိုက်ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ပြင်းဝန်ကျေးရွာမှ ကိုလင်းထွန်းဇော်ကပြောသည်။

“အဲဒီနေဗီကနေ ပစ်လိုက်တာပါ။ ဘုတ်မှာတော့ လူ ၄ ယောက်ပါတယ်။ ထိခိုက်ဒဏ်ရာရတာ ၃ ယောက်၊ ၁ ယောက်က ပွဲရှင်းပြီးဆုံးသွားခဲ့တယ်။ ၂ ယောက်တော့ဒဏ်ရာပြင်းထန်တယ်။ သေသွားတဲ့သူကတော့ အသားတွေလွှင့်ထွက်သွားပြီးအရိုးပဲကျန်ခဲ့တယ်” ဟု ဆိုသည်။

အဆိုပါ မော်တော်ဘုတ်မှာ မြစ်ထဲ၌တစ်ပိုင်းမြုပ်နေပြီး DMG မှ ဆက်သွယ်မေးမြန်းသည့် အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်အထိ မီးလောင်ကျွမ်းလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကို DMG က ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

လက်ရှိ ဒဏ်ရာပြင်းထန်သူ ၂ ဦးကို စေတီပြင်ဆေးရုံသို့ ပို့ဆောင်ထားပြီး အခြားဒဏ်ရာရသူတစ်ဦးအား နီးစပ်ရာကျေးရွာအတွင်းခေါ်ယူထားကြောင်း အောင်စည်ကုန်းကျေးရွာမှ ကိုအောင်နိုင်လင်းကပြောသည်။

“ဘယ်က ဘုတ်လည်းတော့ ကျနော်တို့ အတိအကျမသိရသေးဘူး။ ဒဏ်ရာပြင်းထန်သူ နှစ်ဦးကတော့ ဆေးရုံကို ပို့ထားပါတယ်။ ကယ်ဆယ်ရေးပေးဖို့သွားတဲ့ ဘုတ်လို့ထင်ပါတယ်။ စစ်တွေဖက်က မောင်းလာတာပါ” ဟု ၎င်းက ဆိုသည်။

ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)အား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြေပြင်အခြေအနေကို စုံစမ်းနေပြီး ဟုတ်မှန်ပါက သတင်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက DMG ကို ယနေ့မွန်းလွဲတစ်နာရီခွဲအချိန်က ဖြေကြားခဲ့သည်။

ယခု သတင်းရေးသားနေသည့် အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် ICRC ထံ ထပ်မံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ဗီဒီယိုများ