ICRC မှ ရိက္ခာထောက်ပံ့မှုရပ်တန့်လိုက်ခြင်းကြောင့် ရခိုင်က စစ်ဘေးရှောင်များ အငတ်ဘေးနှင့်ကြုံတွေ့ရနိုင်

ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းများကို ဆန်နှင့် တခြားရိက္ခာများ လစဉ်ထောက်ပံ့နေသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)အနေဖြင့် သြဂုတ် ၁၁ ရက်နေ့မှစ၍ ရိက္ခာထောက်ပံ့မှုများကို ရက်အကန့်အသတ်မရှိ ရပ်တန့်လိုက်ကြောင်း သိရသည်။

13 Aug 2021


DMG ၊ သြဂုတ် ၁၃

ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းများကို ဆန်နှင့် တခြားရိက္ခာများ လစဉ်ထောက်ပံ့နေသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)အနေဖြင့် သြဂုတ် ၁၁ ရက်နေ့မှစ၍ ရိက္ခာထောက်ပံ့မှုများကို ရက်အကန့်အသတ်မရှိ ရပ်တန့်လိုက်ကြောင်း သိရသည်။

ICRC အနေဖြင့် စစ်ဘေးရှောင်များကိုထောက်ပံ့ပေးရန် ရိက္ခာများအလုံအလောက်ရှိသော်လည်း ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်မရရှိသည့်အတွက် ၎င်းတို့အနေဖြင့်မလာနိုင်ကြောင်းကို သြဂုတ် ၁၁ ရက်နေ့က စစ်ဘေးရှောင်စခန်းများကို အကြောင်းကြားလာသည်ဟု စခန်းတာဝန်ရှိသူများကပြောသည်။

မြောက်ဦးမြို့နယ်မှ လူဦးရေသုံးထောင်ကျော်ခိုလှုံနေသည့် တိန်ညိုစစ်ဘေးရှောင်စခန်းမှာ ICRC နှင့် အစိုးရထောက်ပံ့မှု နှစ်ခုပေါင်းမှသာ တစ်လစာစားသောက်ရန် ရိက္ခာလုံလောက်မှုရှိသည့်အတွက် ယခုကဲ့သို့ ICRC မှ ထောက်ပံ့မှုကိုရက်အကန့်အသတ်မရှိရပ်တန့်လိုက်ခြင်းမှာ စစ်ဘေးရှောင်များကို စားဝတ်နေရေး ပိုမိုအခက်အခဲဖြစ်စေနိုင်သည်ဟုစခန်းတာဝန်ခံ ဦးစိုးနိုင်ကပြောသည်။

“ICRC အနေနဲ့ ဒီနေ့မဟုတ်ရင် မနက်ဖြန် ဆန်ရိက္ခာထောက်ပံ့ပေးဖို့ရောက်မယ့်နေ့ဖြစ်တယ်။ ဒါပေမဲ့ သူတို့မှာ မနေ့ကအစိုးရရဲ့ခွင့်ပြုချက်မရတဲ့အတွက် ရိက္ခာထောက်ပံ့ဖို့ အစီအစဉ် ရနိုင်တော့မယ်မဟုတ်ဘူးလို့ အကြောင်းကြားလာပါတယ်။ ဒီလို သာရေရှည်မှာ ထောက်ပံ့ပေးဖို့မရောက်တော့ဘူးဆိုရင်တော့ ကျနော်တို့စစ်ဘေးရှောင်တွေမှာ အငတ်ဘေးနဲ့ကြုံတွေ့နိုင်တယ်“ ဟု ဆိုသည်။

တိန်ညိုစစ်ဘေးရှောင်စခန်းမှာ တစ်လလျှင် ဆန်အိတ် ၁၂၀၀ အထက်ကုန်ကျသော်လည်း ယခုလအတွက် စစ်ဘေးရှောင်များကိုထောက်ပံ့ပေးရန် ဆန်အိတ်တစ်အိတ်မှမရှိသေးသဖြင့် ပြည်တွင်းပြည်ပအလှူရှင်များမှတဆင့် အကူအညီတောင်းခံထားကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် ICRC ၊WFP နှင့် အစိုးရ၏ ဘေးစီမံဌာနတို့မှ ထောက်ပံ့မှုများကို အဓိကအားထားပြီး နေထိုင်စားသောက်နေကြရခြင်းဖြစ်သည်။

ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လုပ်ဆောင်ရာတွင် အစိုးရအနေဖြင့် ဟန့်တားခြင်း၊ စည်းကမ်းချက် တင်းကြပ်ခြင်းလုပ်လိုက်သည့်အတွက်၎င်းတို့ကိုအားကိုးနေရသည့်စစ်ဘေးရှောင်များမှာ အငတ်ဘေးနှင့်ကြုံတွေ့အောင် လုပ်ဆောင်လိုက်ခြင်းသာဖြစ်သည်ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။

“အစိုးရက ထောက်ပံ့ပေးတာဟာလည်း စစ်ဘေးရှောင်တွေ မှီခို ရလောက်တဲ့အနေအထားမှာမရှိဘူး။ ပုံမှန်ထောက်ပံ့ပေးနေတာလည်းမဟုတ်ဘူး။ လခြားပြီးတော့ပေးတယ်။ အဲဒီလိုအားကိုးရနိုင်လောက်တဲ့ အခြေအနေမှာမရှိတဲ့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေ ထောက်ပံ့မှုရပ်တန့်သွားရင်တော့ ဒုက္ခသည်တွေ ငတ်ကြမယ်။ ဒီလိုမျိုးလုပ်လိုက်တာဟာ ဒုက္ခသည်တွေကို ငတ်ပြီးသေအောင်လုပ်လိုက်တာဖြစ်တယ်။ ဒါဟာ လူမဆန်တဲ့လုပ်ရပ်သာဖြစ်တယ်“ဟု ဆရာတော်ကမိန့်သည်။  

မြောက်ဦးမြို့နယ်မှ မြတန်ဆောင်း၊ စင်းဘောကိုင်း၊ တိန်ညို၊ မြို့သစ်၊ စေတီတောင်၊ မြို့ဦးခေါင်း၊ ကျောက်ရာဇ်ကေ၊ ရွှေထီးဆောင်း စသည့်စစ်ဘေးရှောင်စခန်းများမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ ထောက်ပံ့ပေးသည့် ရိက္ခာများကို အဓိကအားထားနေရခြင်းလည်း ဖြစ်သည်။

လတ်တလော စစ်ဘေးရှောင်များစားဝတ်နေရေးကို ဖြေရှင်းနိုင်ရန်အတွက် ပြည်တွင်းပြည်ပအလှူရှင်များမှ ထောက်ပံ့ပေး၍ အဆင်ပြေနိုင်သော်လည်း ရေရှည်တွင်အခက်အခဲဖြစ်လာနိုင်ကြောင်း စခန်းတာဝန်ရှိသူများက ပြောဆိုကြသည်။

ယခုကဲ့သို့ အစိုးရဖက်မှဟန့်တားခြင်း၊ စည်းကမ်းချက်များတင်းကြပ်စွာသတ်မှတ်လိုက်ခြင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်များကို လုပ်ဆောင်နေသူများအတွက် နှောင့်နှည်းကြန့်ကြာမှုများ ဖြစ်သွားနိုင်သည့်အပြင် ပြည်သူများအနေဖြင့် လည်း မလိုလားအပ်သည့် အခက်အခဲများဖြစ်ပေါ်လာနိုင်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကပြောသည်။

“အမှန်တကယ်လိုအပ်နေတဲ့ပြည်သူလူထုတွေအနေနဲ့တော့ မလိုလားအပ်ပဲ ကျန်းမာရေးဝန်ဆောင်မှုအခက်အခဲတွေ၊ စားဝတ်နေရေးအခက်အခဲတွေဖြစ်သွားနိုင်တယ်။ တဖက်မှာလည်း စစ်ဘေးရှောင်တွေအနေနဲ့လည်း စားဝတ်နေရေးပြဿနာတွေဖြစ်နိုင်တယ်။ လူမှုရေးပြဿနာတွေဖြစ်သွားနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်တယ်။ ဘေးထွက်ဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင်တယ်“ ဟု ဆိုသည်။

လက်ရှိမှာ အများပြည်သူရုံးပိတ်ရက်ထပ်မံကြေငြာလိုက်ခြင်းကြောင့် ICRC ၏ ခရီးသွားယာဉ်များမှာ နှောင့်နည်းကြန့်ကြာမှုများရှိနေသည့်အပြင် ပြည်နယ်တာဝန်ရှိသူများမှထုတ်ပြန်သည့် ထောက်ပံ့ပို့ဆောင်ရေးနှင့်ဆိုင်သည့် သတ်မှတ်ချက်အသစ်များကြောင့် လာမည့်ရက်သတ္တပတ်များတွင် ပေးအပ်ရန်စီစဉ်ထားသည့် စားနပ်ရိက္ခာဖြန့်ဝေပေးမှုများ နှောင့်နှေးကြန့်ကြာမှုရှိမည်ဟု DMG ၏မေးမြန်းမှုကို ICRC မှ email ဖြင့်ဖြေကြားသည်။

သို့သော် ဘေးဒဏ်ခံရလွယ်သည့် နေရပ်စွန့်ခွာလူမှုအသိုင်းအဝန်းများထံသို့ ကူညီထောက်ပံ့မှုများကို ဖြစ်နိုင်သမျှအမြန်ဆုံးဆောင်ရွက်နိုင်ရန်ဟူသောရည်ရွယ်ချက်ဖြင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့်နည်းလမ်းရရှိရန် ပြည်နယ်တာဝန်ရှိသူများနှင့် လတ်တလောတွင် ဆွေးနွေးလျှက်ရှိကြောင်းလည်း ICRC က ဖြေကြားထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ကောင်စီမှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းကို DMG က ဆက်သွယ်မေးမြန်းရာတွင် ဖုန်းစက်ပိတ်ထားသဖြင့် ကောင်စီ၏ဖြေကြားချက်ကို မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်တစ်သိန်းကျော်မှာ ကိုဗစ်ကာလအတွင်း ရိက္ခာပြတ်လပ်သည့် အခက်အခဲများနှင့်ကြုံတွေ့နေရသည့်အပြင် ကိုဗစ်ကာကွယ်ရေးပစ္စည်းများလည်း လိုအပ်လျက်ရှိနေကြသည်။

ဗီဒီယိုများ