ရခိုင်စစ်ဘေးရှောင်စခန်းအချို့ကို ICRC က ယခုလမှစ၍ လဝက်စာသာကူညီနေ

ICRC က စစ်ဘေးရှောင်စခန်းတစ်ချို့ကို ယခင်လများက ဆန်၊ဆီ၊ဆား၊လက်ဖက်နှင့်ပဲများကို တစ်လစာ ထောက်ပံ့ခဲ့သည်။ သို့သော် ယခုလမှစတင်ကာ လဝက်စာသာ ထောက်ပံ့သွားမည်ဟု ပြီးခဲ့သည့်နှစ်ပတ်ခန့်ကပင် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

By ဝင်းညွန့် 29 Jan 2020

ဝင်းညွန့် | DMG
ဇန်နဝါရီ ၂၉၊ စစ်တွေ

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ချို့ကို ICRC က ယခုလမှစတင်ကာ လဝက်စာသာ ကူညီထောက်ပံ့မှု ပြုလုပ်နေသည်ဟု စစ်ဘေးရှောင်စခန်းများမှ သိရသည်။

ICRC က စစ်ဘေးရှောင်စခန်းတစ်ချို့ကို ယခင်လများက ဆန်၊ဆီ၊ဆား၊လက်ဖက်နှင့်ပဲများကို တစ်လစာ ထောက်ပံ့ခဲ့သည်။ သို့သော် ယခုလမှစတင်ကာ လဝက်စာသာ ထောက်ပံ့သွားမည်ဟု ပြီးခဲ့သည့်နှစ်ပတ်ခန့်ကပင် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“အစက တစ်လစာပေးတာတောင် မလုံလောက်ဘူး။ အခုလကစပြီးတော့ လဝက်စာပေးမယ့်လို ပြောတယ်။ လဝက်စာတော့ ကျနော်တို့ဆီရောက်ပါပြီ။ အရင်ကတော့ ICRC ပေးတာရယ်၊ အစိုးရက ပေးတာရယ်ဆိုတော့ လုံလောက်တယ်။ အခုလဝက်စာဆိုတော့ နောက်လဝက်စာအတွက် ကျနော်တို့ ရုန်းကန်းနေရတယ်” ဟု မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ကျေးရွာပေါင်း ၁၂ ရွာက စစ်ဘေးရှောင် (၃၀၀၀)ကျော်ခိုလှုံနေပြီး စားနပ်ရိက္ခာအခက်အခဲ၊ သောက်သုံးရေအခက်အခဲများ ရှိနေသည်ဟု ယင်းစခန်းမှ သိရသည်။

ထိုသို့ လဝက်စာကူညီမည်ဆိုပါက စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးအခက်အခဲများ ရှိလာနိုင်သည်ဟု မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောသည်။

“သူတို့ အခုလကို လဝက်စာပဲကူညီသွားမယ်လို့ ပြောတာတော့ ၂ ပတ်လောက်ရှိပြီ။ အခုတော့ မရောက်သေးဘူး။ ဒီစခန်းကို အဓိကကူညီတာက ICRC ကပဲ ကူညီတာ။ ကျန်အဖွဲ့တွေက သိပ်မရောက်ဘူး။” ဟု စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်ကြားသည်။

မည်သည့်အတွက်ကြောင့် လဝက်စာသာပေးမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ကို DMG က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိ ရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများ ဖြစ်ပေါ်နေသည်။

လက်ရှိတွင် စစ်ဘေးရှောင်များရှိနေသည့်မြို့နယ်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ICRC နှင့် WFP မှ လွဲ၍ တခြား နိုင်ငံတကာကူညီရေး အဖွဲ့အစည်းများကို သွားရောက်ခွင့် အစိုးရကကန့်သတ်ထားသည်။

ဗီဒီယိုများ