ထပ်တိုးလာသည့် စစ်ဘေးရှောင်များအတွက် အဆောင်သစ်များဆောက်လုပ်ရန် အစိုးရခွင့်မပြု

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်သို့ ထပ်တိုးရောက်ရှိလာသည့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ယာယီ အဆောင်များ ဆောက်လုပ်ရန် တင်ပြချက်ကို အစိုးရမှခွင့်မပြုကြောင်း လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

By မျိုးသီရိကျော် 17 Aug 2020

မျိုးသီရိကျော် | DMG
သြဂုတ် ၁၇ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်သို့ ထပ်တိုးရောက်ရှိလာသည့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ယာယီ အဆောင်များ ဆောက်လုပ်ရန် တင်ပြချက်ကို အစိုးရမှခွင့်မပြုကြောင်း လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ထပ်တိုးလာသည့် စစ်ဘေးရှောင်များမှာ နေစရာအခက်အခဲဖြစ်ပေါ်နေသဖြင့် ယာယီနေထိုင်ရန်အလို့ငှာ ရသေ့တောင်မြို့ အားကစားကွင်းနေရာတွင် ယာယီအဆောက်အဦးများ ဆောက်ခွင့်ပြုရန် ပြည်နယ်အစိုးရ အဖွဲ့ထံ ဇူလိုင်လ ၁ ရက်နေ့က တင်ပြခဲ့ရာ ခွင့်မပြုကြောင်းကို ဇူလိုင် ၁၃ ရက်နေ့က အကြောင်းပြန်ကြားလာ သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောသည်။

“ကျနော်တို့စာတင်ထားတာကို ခွင့်မပြုဆိုပြီးတော့ ပြောလာတယ်။ ဒီကြားထဲမှာ စည်ပင်ဝန်ကြီး ဦးဝင်းမြင့် ကိုယ်တိုင်ကလည်း စစ်ဘေးရှောင်တွေ အကူအညီတောင်းလာရင် ပေးမယ်ဆိုပြီးတော့ လိုင်းပေါ်မှာ ဖြေထား တာတွေလည်းရှိပါတယ်။ အဲလိုတွေ ပြောခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ မရဘူးပေါ့။ စစ်ဘေးရှောင်တွေကို ကူညီပေးမယ့်ကိစ္စကို အရင်တုန်းက အစိုးရအဖွဲ့တွေလည်း ပြောဖူးပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ရသေ့တောင်မြို့နယ်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်ဆိုသည့် သတင်းကြောင့် ဒေသခံများမှာ မြို့ပေါ်သို့ ထွက်ပြေးလာကြခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင်လည်း စစ်ဘေး ရှောင်များ ထပ်တိုးလာနေကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူ ကိုဘက္ကာကပြောသည်။

ထပ်တိုးရောက်ရှိလာသည့် စစ်ဘေးရှောင် ၇၀၀ ခန့်ကိုထားရှိရန်အတွက် ရသေ့တောင်မြို့တွင် အားကစားကွင်း နေရာတစ်ခုသာ မြေလွတ်ကျန်ရှိတော့ကြောင်း ၎င်းကဆိုသည်။

“နေရာတွေအကုန်လုံးမှာ စစ်ဘေးရှောင်တွေကပြည့်နေပြီ။ မိသားစုတစ်စု နေရမယ့်နေရာမှာ မိသားစု နှစ်စုလောက်နေရတယ်။ ကြပ်ကြပ်တည်းတည်းနဲ့နေရတာကြာပြီ။ တစ်ချို့ဆိုရင် လေဖြတ်နေတဲ့သူတွေ ရှိကြတယ်။ သားသမီးတွေနဲ့ တူတူမနေရ၊ ပြုစုလို့လည်းမရ တစ်ယောက်တစ်နေရာ နေနေရတယ်။ အခန်းတွဲပြီး နေတဲ့သူတွေလည်း နေကြတယ်”ဟု ကိုဘက္ကာကပြောသည်။

လက်ရှိတွင် ယာယီအဆောက်အအုံများ တည်ဆောက်ရန် ICRC မှ ဓနိ၊ ဝါး ၊ သစ်များ ထောက်ပံ့ပေးထား သော်လည်း အဆောက်အဦများ ဆောက်လုပ်ရန် မြေကွက်မရှိသေးကြောင်း ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်အား DMG မှ ဆက်သွယ်ခဲ့သော်လည်း ယနေ့ညနေပိုင်းအထိ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်များတွင် အစိုးရခွင့်ပြုချက်မရဘဲ စစ်ဘေးရှောင်စခန်းများ မဆောက်လုပ်ကြရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း(၂၀)ကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ငါးသောင်းကျော်ရှိကာ နေရာထိုင်ခင်းအပြင် စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများရှိနေသည်ဟု ကူညီဆောင်ရွက်နေသူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့် လာပြီး စစ်ဘေးဒုက္ခသည်ဦးရေ နှစ်သိန်းခန့်အထိ ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ