AA နှင့်ဆက်စပ်ပြီး တရားစွဲခံထားရသည့် ပုဏ္ဏားကျွန်းဒေသခံ နှစ်ဦးကို နှစ်နှစ်ခန့်ကြာသည့်တိုင် အမိန့်မချသေး

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ဒေသခံနှစ်ဦးကို ဖမ်းဆီးထားသည်မှာ နှစ်နှစ်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အမိန့်မချမှတ်သေးကြောင်း သိရသည်။

08 Apr 2022

DMG ၊ ဧပြီ ၈

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ဒေသခံနှစ်ဦးကို ဖမ်းဆီးထားသည်မှာ နှစ်နှစ်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အမိန့်မချမှတ်သေးကြောင်း သိရသည်။

အဆိုပါအမှုတွင် သက်သေအားလုံးကိုစစ်ဆေးပြီး၍ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အမိန့်ချမှတ်ရန်ချိန်းဆိုခဲ့သည်။ ို့သော် အမိန့်ချမှတ်ခြင်းမရှိဘဲ ချိန်းဆိုရွှေ့ဆိုင်းနေသည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က DMG သို့ပြောသည်။

“တရားရုံးကတော့ စီရင်ချက်ချဖို့ အဆင့်သင့်မဖြစ်သေးဘူးလို့ပြောတယ်။ ကျနော်အမှုလိုက်လာတဲ့ နှစ်ပေါင်း ၂၀ ကျော်သက်တမ်းမှာတော့ စီရင်ချက်ချဖို့ချိန်းတာ ဒီလိုနှစ်နဲ့ချီကြာတာတော့ တစ်ခါမှမတွေ့ဖူးဘူး။ အခုဧပြီ ၂၁ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ချိန်းထားတယ်”ဟု ၎င်းကပြောသည်။

တရားစွဲဆိုခံထားရသူနှစ်ဦးမှာ အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၅)နှင့် ဦးမောင်စောအေး‌(ခေါ်)မျိုးမင်းထွန်း (၃၂)နှစ်တို့ဖြစ်ကြသည်။ ၎င်းတို့ကို မြန်မာစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယခုကဲ့သို့ အမိန့်ချရန်အကြိမ်ကြိမ်ချိန်းဆိုနေသဖြင့် ရုံးချိန်းပေါင်း မြောက်များစွာကို သွားလာနေရ၍ ငွေကြေးအကုန်အကျများကာ အမှုကိုအမြန်ဆုံးအမိန့်ချမှတ်ပေးရန် ကိုနေလင်းဌေး၏မိခင် ဒေါ်အောင်သန်းနုက တောင်းဆိုသည်။

“သူတို့မှာ ဘာမှအပြစ်မှရှိတာလည်းမဟုတ်ဘူး။ နှစ်ယောက်စလုံးကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်လို့ပဲ ပြောချင်တယ်။အန်တီတို့မှာလည်းအခက်အခဲရှိတယ်။ တစ်ပတ်တစ်ပတ် ရုံးချိန်းသွားဖို့ ပိုက်ဆံလည်းရှာမရဘူး။ အခုလည်း လက်လုပ်လက်စားရှာစားနေကြတာပဲ။ သူတို့နှစ်ယောက်ကိုလည်း ကျန်းကျန်းမာမာနဲ့လွှတ်ပေးစေချင်ပါတယ်”ဟု ၎င်းကပြောသည်။

၎င်းတို့နှစ်ဦးကို ၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်နေ့က စစ်တွေမှ ပုဏ္ဏားကျွန်းသို့ ဆိုင်ကယ်ဖြင့်အပြန်တွင် ကျောက်တန်းစစ်ဆေးဂိတ်၌ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမှတ်(၉၀၈) စစ်တွေမြို့၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ကို စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ကျန်းမာရေးကောင်းမွန်ကြသည်ဟု မိသားစုဝင်များထံမှသိရသည်။

ဗီဒီယိုများ