ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ဦးစားပေးဖြန့်ပေးရန်စီစဉ်နေကြောင်း ပြည်နယ်ကောင်စီပြော

ကိုဗစ်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ လက်သန့်ဆေး၊ ဆပ်ပြာစသည်တို့ကို ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများသို့ ဦးစားပေးအနေဖြင့်ဖြန့်ပေးနိုင်ရန် စီစဉ်နေကြောင်း ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။

28 Jul 2021

DMG ၊ ဇူလိုင် ၂၈

ကိုဗစ်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ လက်သန့်ဆေး၊ ဆပ်ပြာစသည်တို့ကို ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများသို့ ဦးစားပေးအနေဖြင့်ဖြန့်ပေးနိုင်ရန် စီစဉ်နေကြောင်း ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။

“နှာခေါင်းစည်းတွေ၊ ဆပ်ပြာတွေ၊ လက်သန့်ဆေးတွေကို တိုက်ပွဲရှောင်စခန်းတွေကိုပဲ ဦးစားပေးဖြန့်ပေးဖို့စီစဉ်နေတယ်။ တိုက်ပွဲရှောင်စခန်းတွေကျတော့ ပြည်နယ်ကောင်စီအနေနဲ့ သွားရမှာဖြစ်တယ်။ ဆိုတော့ ပြည်နယ်ကောင်စီက ကျန်မားရေးဌာနကနေ Mask တွေကိုမှာထားတယ်။ ရောက်ခါနီးနေပြီ သိပ်ကြာမယ်မထင်ဘူး” ဟု သူကပြောသည်။

အဆိုပါ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ရောက်ရှိမည့်အချိန်ကို အတိအကျမပြောနိုင်သေးသော်လည်း ပြည်နယ်ကောင်စီထံ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ရောက်ရောက်ချင်း စစ်ဘေးရှောင်စခန်းများကိုဖြန့်ပေးသွားမည်ဖြစ်ကြောင်း ဦးသန်းထွန်းက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းများ၌ ကိုဗစ်ကာကွယ်ရေးကိစ္စများကို စနစ်တကျစီမံဆောင်ရွက်ရန် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအသီးသီးကို ညွှန်ကြားထားကြောင်း ပြည်နယ်ကောင်စီက ဆိုသည်။

စစ်ဘေးရှောင်လူဦးရေ ၂၇၀၀ ကျော်ခိုလှုံနေသည့် မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ဒုတိယလှိုင်းက ကျန်ရှိခဲ့သည့် နှာခေါင်းစည်း၊ လက်ဆန့်ဆေး၊ ဆပ်ပြာတို့ကို အသုံးပြုခဲ့ရသော်လည်း လက်ရှိတွင် ကုန်သွားပြီဖြစ်သည့်အတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းများလိုအပ်နေကြောင်း စခန်းတာဝန်ခံ ဦးကျော်သိန်းက ပြောသည်။

“ကိုဗစ်တတိယလှိုင်းအတွက် ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့တဲ့အဖွဲ့တွေက မရှိသေးဘူး။ အရင်ပထမလှိုင်း ၊ဒုတိလှိုင်းက ပစ္စည်းတွေနဲ့ပဲသုံးနေရတယ်။ အခုက အဲဒီကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ အကုန်လုံးကကုန်နေပြီ” ဟု သူကပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများလည်း ပြတ်တောက်လာနေပြီဖြစ်ကြောင်းနှင့် ဆန်များကို ကျေးရွာမှ ချေးငှားပြီး စားသောက်နေရသည့်အတွက် ရိက္ခာများလည်း အကူအညီလိုအပ်နေကြောင်း ဦးကျော်သိန်းကပြောသည်။

ယင်းအပြင် ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း လက်ရှိအချိန်ထိ ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့များနှင့် ပရဟိတအဖွဲ့များမှ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လာရောက်ထောက်ပံ့မှုများရှိသေးကြောင်း စခန်းတာဝန်ခံ ဦးစိန်ရွှေဘုကပြောသည်။

ယခင်ကတည်းကရှိသည့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများကို အသုံးပြုနေရသော်လည်း လက်ရှိတွင် ကုန်ခါနီးနေပြီဖြစ်သည့်အတွက် ကာကွယ်ရေးပစ္စည်းများလိုအပ်နေကြောင်း သူကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် တစ်သိန်းကျော်အထိရှိနေသေးပြီး အဆိုပါစစ်ဘေးရှာင်များမှာ စားနပ်ရိက္ခာများအပါအဝင် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လိုအပ်ချက် ရှိနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင် ၂၇ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူစုစုပေါင်း ၂၄၁၉ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၁၂၆ ဦးရှိကြောင်း ရခိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ဗီဒီယိုများ