ရခိုင်က IDP စခန်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု မြို့နယ်နှစ်ခုတွင်ပြီးစီး

ရခိုင်မှ IDP စခန်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံလျက်ရှိရာ လက်ရှိတွင် အမ်းနှင့် ပေါက်တောမြို့နယ်တို့၌ ထိုးနှံပြီးစီးနေပြီ နေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

11 Sep 2021

DMG ၊ စက်တင်ဘာ ၁၁

ရခိုင်မှ IDP စခန်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံလျက်ရှိရာ လက်ရှိတွင် အမ်းနှင့် ပေါက်တောမြို့နယ်တို့၌ ထိုးနှံပြီးစီးနေပြီ နေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၁၀ ခုမှ မွတ်ဆလင်ဒုက္ခသည်များနှင့် စစ်ဘေးရှောင်ဒုက္ခသည်စုစုပေါင်း ၅၀၀၀၀ ခန့်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန်အတွက် ဆေးအလုံးရေ ၂၅၀၀၀ ရရှိထားပြီး စခန်းအလိုက်ခွဲတမ်းချပြီး ထိုးပေးနေကြောင်း သိရသည်။

“အမ်း၊ ပေါက်တောက ဒုက္ခသည်တွေအကုန်လုံးကို ထိုးပြီးသွားပြီ။ ကျန် ၈ မြို့နယ်မှာ ဆက်ပြီးတော့ထိုးနေတယ်။ ၄၅ နှစ်အထက်၊ ၆၅ အထက်၊ ဆေးလုံလောက်တဲ့နေရာတွေမှာဆိုရင် ၁၈ နှစ်အထက်ဆိုပြီးတော့ ၃ ခု ခွဲတန်းချထားတယ်။ ဆေးရရှိတဲ့အပေါ်မှာမူတည်ပြီးတော့ အသက်အရွယ်အလိုက် မြို့နယ်ကျန်းမာရေးနဲ့တိုင်ပင်ပြီးထိုးနေကြတယ်”ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန် လူဦးရေ ၁၆ သိန်းရှိသည့်အနက် ၃ သိန်းခန့်ကို ထိုးပေးပြီးဖြစ်ကာ ကျန်သည့် လူဦးရေများကိုလည်း ဆေးရရှိသည့်အပေါ်မူတည်ပြီး ဆက်လက်ထိုးပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်ကဆိုသည်။

လက်ရှိမှာ ကိုဗစ်ရောဂါကူးစက်မှု လျော့နည်းလာသော်လည်း ရောဂါပိုးကူးစက်မှုများတွေ့နေဆဲဖြစ်သဖြင့် ပြည်သူလူထုများအနေဖြင့် မပေါ့ဆရန်နှင့် မိမိအသိစိတ်ဖြင့်နေထိုင်ကြရန်လိုအပ်ကြောင်းလည်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

ကိုဗစ်တတိယလှိုင်းကို အမြန်ဆုံးထိန်းချုပ်နိုင်ရန် ကိုဗစ်ကာကွယ်၊ ကုသရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက DMG သို့ပြောကြားထားသည်။

“ကိုဗစ်တွေ့ရှိမှုကတော့ လက်ရှိမှာ ကျဆင်းလာတဲ့အနေအထားရှိတယ်။ ဒါပေမဲ့ အောက်ခြေအထိရောက်ဖို့ဆိုတာကတော့ အချိန်ယူရအုံးမှာဖြစ်တယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ စစ်ဆေးမှုတွေကို ပိုပြီးတော့လုပ်နေပါတယ်။ စစ်ဆေးမှုတွေကိုလည်း မကျန်ရအောင် ပိုပြီးတော့စစ်ဆေးနေပါတယ်“ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်းတွင် သေဆုံးသူ ဦးရေမှာ စက်တင်ဘာ ၁၀ ရက်နေ့အထိ ၄၂၃ ဦးရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်ကောင်စီမှ ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

ယင်းအပြင် တစ်ပြည်နယ်လုံးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၄၅၂၅ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၃၈၃၀ ဦးအထိရှိကြောင်းလည်း သိရသည်။

ဗီဒီယိုများ