ရခိုင်တွင် တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် နှစ်သိန်းသုံးသောင်းခြောက်ထောင်ကျော်အထိ ရှိလာ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်နီးပါးကြာမြင့်လာသည်နှင့်အမျှ ရခိုင်တွင် စစ်ဘေးဒုက္ခသည်ဦးရေ ၂၃၆,၂၂၉ ဦးထိ ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)က နိုဝင်ဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

By နှင်းနွယ် 03 Nov 2020

ရသေ့တောင်မြို့၊ ရွှေပါရမီစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအား ပြီးခဲ့သည့် မတ်လအတွင်းက တွေ့ရစဉ်။

နှင်းနွယ် | DMG
နိုဝင်ဘာ ၃ ၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်နီးပါးကြာမြင့်လာသည်နှင့်အမျှ ရခိုင်တွင် စစ်ဘေးဒုက္ခသည်ဦးရေ ၂၃၆,၂၂၉ ဦးထိ ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)က နိုဝင်ဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များ၏ စာရင်းများကို ကောက်ယူနေသည့် (REC)မှ အောက်တိုဘာလ (၁)ရက်နေ့က စစ်ဘေးဒုက္ခသည်(၂၂၆,၈၀၄)ဦးရှိကြောင်းထုတ်ပြန်ခဲ့ပြီး ယခုနိုဝင်ဘာလ(၂)နေ့တွင် စစ်ဘေးဒုက္ခသည်(၂၃၆,၂၂၉)ဦးထိရှိကြောင်းထပ်မံထုတ်ပြန်ချက်အရ ရခိုင်တွင် တစ်လအတွင်းစစ်ဘေးဒုက္ခသည် (၉,၄၂၅)ဦး တိုးလာကြောင်း သိရသည်။

ထိုသို့ စစ်ဘေးရှောင်များ တိုးလာခြင်းသည် မြစ်ကြောင်းတစ်လျှောက်သွားလာနေသည့် တပ်မတော်ရေယာဉ်များမှ ပစ်ခတ်မှုများကြောင့် မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်မှ ဒေသခံများမှာ ကျေးရွာ၌မနေရဲတော့ဘဲ တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက DMG သို့ပြောသည်။

“စစ်ဘေးရှောင်စခန်းကို မရောက်ဘဲ အနီးအနားနေရာတွေမှာ ခိုလှုံတာတွေ ရှိတဲ့အတွက် သူတို့နဲ့ပတ်သက်ပြီး ထောက်ပံ့ကူညီမှုတွေ မရှိဘူး။ ဒါကြောင့် သူတို့ပါလာတဲ့ဟာလေးနဲ့ပဲ လောလောဆယ်စားသောက်နေရတယ်လို့ သိရတယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် ကူညီထောက်ပံ့ဖို့ကလည်း အခက်အခဲရှိတာကြောင့် သူတို့အနေနဲ့ စားဝတ်နေရေး အရမ်းကိုအခက်အခဲဖြစ်စေတယ်” ဟု ၎င်းကရှင်းပြသည်။

အလားတူ စစ်ဘေးရှောင်စခန်းများ၌ ခိုလှုံနေကြသူများအနေဖြင့်လည်း ရာသီအကူးအပြောင်းကြောင့် ဖြစ်ပေါ် တတ်သည့် ချောင်းဆိုး၊ ဖျားနာ စသည့်ရောဂါများအား ကိုဗစ်ကာလဖြစ်နေ၍ ဆေးကုသမှုခံယူရန် အခက်အခဲ ရှိနေကြောင်း ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။

ရသေ့တောင်မြို့ပေါ်ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးခိုလှုံနေသည့် သောင်းဒရားကျေးရွာမှ မစိုးငြိမ်းအေးက စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည့်ကြားထဲတွင် ပစ်ခတ်သံများကြောင့်ပါ စိုးရိမ်နေရကြောင်း ပြောသည်။

“နေရထိုင်ရတာ နည်းနည်းအဆင်မပြေပေမယ့် အဲဒါကတော့ ရတယ်ပေါ့လေ၊ စားဖို့ကျေတာ့ သိပ်အဆင် မပြေဘူး။ နောက်ပြီး အဆင်မပြေတာတစ်ခုက ဒိုင်းဒိုင်းပစ်သံကြားရင် ဘယ်ကိုပစ်မှန်းလည်းမသိတော့ ကျမတို့ နေတဲ့နေရာကိုများ ကျလာမလားဆိုပြီး တွေးပူနေရတယ်” ဟု မစိုးငြိမ်းကပြောသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ရသေ့တောင်မြို့နယ်၊ ရေဘုတ်ရွာ၊ မောင်ဖြူရွာ၊ သောင်းဒရားရွာနှင့် အောင်သာစည်ရွာတို့မှ ဒေသခံ(၃၀၀)ကျော် ခိုလှုံနေထိုင်လျက်ရှိပြီး ၎င်းတို့မှာ ကျေးရွာအတွင်း စစ်ကြောင်း ဝင်ရောက်မှုနှင့် လက်နက်ကြီးကျရောက်မှုတို့ကြောင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍  တိမ်းရှောင်လာကြခြင်း ဖြစ်သည်။

ထို့အတူ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ကိုဗစ်ကြောင့် ကားများဝင်ထွက်သွားလာ၍ အဆင်မပြေသည့်အပြင် လမ်းခရီး၌ တိုက်ပွဲဖြစ်ပွားမှုတို့ကြောင့် အလှူရှင်များ မရောက်ရှိကြသည့်အတွက် စားဝတ်နေရေးနှင့် အမျိုးသမီးကျန်းမာရေးအပိုင်းတို့တွင် အဆင်မပြေဖြစ်နေကြောင်း စစ်ဘေးရှောင် မလှရီက ဆိုသည်။

“အခုဆိုရင် အမျိုးသမီးတွေအနေနဲ့ အဝတ်အစားတွေရော၊ အမျိုးသမီးအသုံးအဆောင် ပစ္စည်းတွေရော အခက်အခဲရှိနေတယ်။ အရင်တုန်းကဆိုရင် အလှူရှင်တွေက ကားနဲ့လာပေးတယ်။ အခုတော့ ရွာထဲကို ကားတွေဝင်လို့ မရတာရယ်၊ လမ်းခရီးအခြေအနေကြောင့်ရယ် အလှူရှင်တွေက မလာရဲကြတော့ဘူး” ဟု သူက ဆက်၍ပြောသည်။

လက်ရှိအချိန်၌  စစ်ဘေးဒုက္ခသည်များထဲမှ ဒုက္ခသည် (၁၅၄,၀၁၂)ဦးမှာ စခန်းပြင်ပ၌ ခိုလှုံနေထိုင်လျက် ရှိနေကြပြီး ကျန်စစ်ဘေးဒုက္ခသည်များမှာ စစ်ဘေးရှောင်စခန်း(၁၆၈)ခုတို့၌ အသီးသီးခိုလှုံ နေထိုင်လျက် ရှိကြောင်း (REC)၏စာရင်းအရ သိရသည်။

ဗီဒီယိုများ