ရခိုင်မှ စစ်ရှောင်ကလေးငယ်များတွင် အရေပြားနှင့် သွေးလွန်တုတ်ကွေး ရောဂါလက္ခဏာများဖြစ်ပေါ်နေကြောင်း သိရ

ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်းအချို့မှ ကလေးများတွင် အရေပြားရောဂါ လက္ခဏာဖြစ်သည့် ခန္ဓာကိုယ်၌ အနီစက်များ၊ အဖုအထိပ်များဖြစ်ပေါ်ခြင်းနှင့် သွေးလွန်တုတ်ကွေး ရောဂါလက္ခဏာဖြစ်သည့် ဖျားနာခြင်း၊ ပျော့အန်ခြင်းနှင့် ဝမ်းလျော့ခြင်းများ ဖြစ်ပွားနေကြောင်း လူမှုအဖွဲ့အစည်းနှင့် ဒုက္ခသည်စခန်းတာဝန်ခံများထံမှ သိရသည်။

24 Jun 2021

ဓာတ်ပုံ - REC

DMG ၊ ဇွန် ၂၄

ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်းအချို့မှ ကလေးများတွင် အရေပြားရောဂါ လက္ခဏာဖြစ်သည့် ခန္ဓာကိုယ်၌ အနီစက်များ၊ အဖုအထိပ်များဖြစ်ပေါ်ခြင်းနှင့် သွေးလွန်တုတ်ကွေး ရောဂါလက္ခဏာဖြစ်သည့် ဖျားနာခြင်း၊ ပျော့အန်ခြင်းနှင့် ဝမ်းလျော့ခြင်းများ ဖြစ်ပွားနေကြောင်း လူမှုအဖွဲ့အစည်းနှင့် ဒုက္ခသည်စခန်းတာဝန်ခံများထံမှ သိရသည်။

ကျောက်တော်မြို့နယ် ကန်ဇောက်စစ်ဘေးရှောင်စခန်းနှင့် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ၅ နှစ်အောက် ကလေးငယ် ၁၀ ဦးမှာ အရေပြားရောဂါဖြစ်နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး ဥက္ကဌ ဦးရွှေဘော်စိန်က ပြောသည်။

"ဒီအချိန်က အပူဒဏ်ကြောင့်လည်းဖြစ်တယ်။ ကလေးတွေက ရေမှာဆော့ကြတယ်။ ချောင်းရေဆိုတော့ သဲတွေ ပါလာတယ် ယားယံကြတယ်။ အဲဒီကနေတဆင့် ယားနာတွေပေါက်ပြီး ပွားသွားတာပေါ့နော်။ ကန်ရေကိုမသုံးဘဲ ချောင်းရေကိုပဲ သုံးကြတယ်ဆိုတော့ သန့်ရှင်းမှုမရှိဘူး။ အဲတာကြောင့်ဖြစ်ကြတာပါ" ဟု ဆိုသည်။

ယင်းပြင် ရသေ့တောင်မြို့ ရွှေပါရမီကျောင်းတိုက်ရှိ စစ်ဘေးရှောင်စခန်းတွင်လည်း တဲအိမ်အောက်တွင် ရေပြည့်နေ၍ ခြင်များပေါက်ရောက်ကာ ခြင်ကိုက်ခြင်း၊ ဖျားနာခြင်း၊ ဝမ်းလျော့ခြင်း၊ ပျော့အန်ခြင်း စသည့် သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာဖြစ်ပွားနေသော အသက် ၂ နှစ်အောက် ကလေးငယ် ၁၀ ကျော် ရှိကြောင်း ယင်းစခန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုရန်နိုင်စိုးက ပြောသည်။

မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် အသက် ၁ နှစ်ခွဲအရွယ် ကလေးတစ်ဦးမှာ ခရုကြောင့် ရောဂါဖြစ်နေပြီး ငှက်ဖျားဖြစ်နေသူ လူဦးရေ ၁၀ ကျော်ရှိသည်ဟု စခန်းတာဝန်ခံ ဦးသိန်းကျော်မြက ပြောသည်။

ယင်းအထဲမှ ခရုကြောင့်ဖြစ်ပွားနေသူ ကလေးနှင့်ပတ်သက်ပြီး ဖခင်ဖြစ်သူက ယခု လိုပြောပြသည်။

"ကျနော်တို့ စခန်းမာ ခရုရောဂါဖြစ်နေတဲ့ ကလေးလည်း ရှိတယ်။ စစ်တွေ ကလေးအထူးကုဆရာဝန်က အတည်ပြုတာပါ။ ခရုရောဂါဆိုပြီးတော့။ ကလေးက အန်တယ်။ ဖျားတယ်။ ဆေးစစ်ကြည့်ရင် ဘာရောဂါလက္ခကာမှ မပြဘူး။ အာထရာဆောင်း ရိုက်ရင်လည်း ဘာမှမတွေ့ရဘူး။ ရောဂါပေါ်တဲ့အချိန်ဆိုရင် ဘာစားစား အန်တယ်။ နို့စို့ရင်လည်း နို့ကိုအန်တယ်။ အဲဒီလိုမျိုးဖြစ်နေတာ ၈ လလောက်ရှိပါပြီ။ အဲတာကြောင့် ကျနော်တို့စခန်းမှာ ဆေးခန်းတစ်ခုခုဖြစ်ဖြစ် ဖွင့်လှစ်ပေးစေချင်ပါတယ်" ဟု ဆိုသည်။

အရေပြားရောဂါမှာ ရေမသန့်ခြင်း၊ ခန္ဓာကိုယ်သန့်ရှင်းရေးမလုပ်ခြင်းတို့ကြောင့် ဖြစ်ပွားကြောင်း၊ သွေးလွန်တုတ်ကွေးရောဂါမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ခြင်ကိုက်ခြင်း၊ ပိုးလောက်လန်းများကို မရှင်းလင်းခြင်းနှင့် သုံးသောက်ရေ မသန့်ရှင်းခြင်းတို့ကြောင့် ဖြစ်ပွားကြောင်း၊ ခရုရောဂါမှာ ရေချိုခရုကို စားသုံးခြင်း၊ ကိုင်တွယ်ခြင်းနှင့် မစင်မှတစ်ဆင့် ကူးစက်ပြီး ဖြစ်ပွားကြောင်း ယင်းရောဂါများကို ကာကွယ်ရန် သန့်ရှင်းသောရေကို သောက်သုံးခြင်း၊ အိမ်သာများထားရှိခြင်း၊ ပိုးလောက်လန်းများကိုရှင်းလင်းခြင်း၊ ပတ်ဝန်းကျင်မညစ်ညမ်းအောင်ထားရှိခြင်းနှင့် ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းတို့ဖြစ်သည်ဟု မြောက်ဦးမြို့နယ် ကျေးလက်ကျန်းမာရေးဌာနတစ်ခုမှ သူနာပြုတစ်ဦးက ပြောသည်။

ကျန်းမာရေးဌာနမှ ကျေးရွာနှင့်ရပ်ကွက်အချို့တွင် ခြင်သတ်ဆေးဖြန့်ခြင်းနှင့် ပိုးလောက်လန်းများရှင်းလင်းသည့် ဆေး ဖြန့်ဝေနေကြောင်း မြောက်ဦးမြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုတစ်ဦးက ပြောသည်။

စစ်ရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု မည်ကဲ့သို့ဆောင်ရွက်နေသည်ကို သိရှိနိုင်ရန် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ဗီဒီယိုများ