ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ မျှစ်ရှာထွက်ခဲ့သည့် အမျိုးသားတစ်ဦး ဝက်ဝံကိုက်ခံရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းက အမျိုးသားတစ်ဦးမှာ ဇူလိုင် ၂၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က ပစိုင်းချောင်းဆည်သို့ မျှစ်ရှာထွက်ခဲ့စဉ် ဝက်ဝံကိုက်ခံရကြောင်း သိရသည်။

30 Jul 2021

DMG ၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းက အမျိုးသားတစ်ဦးမှာ ဇူလိုင် ၂၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က ပစိုင်းချောင်းဆည်သို့ မျှစ်ရှာထွက်ခဲ့စဉ် ဝက်ဝံကိုက်ခံရကြောင်း သိရသည်။

ဝက်ဝံကိုက်ခံရသူမှာ အသက် (၆၁)နှစ်အရွယ် ဦးသောင်းတင်အောင်ဖြစ်ပြီး ဝက်ဝံမှာ ယာဖက်ခြေထောက် ခြေသလုံးအား ကိုက်သွားသည့်အတွက် အသားပဲ့ထွက်ကာ ၁၆ ချက် ခြုပ်လိုက်ရကြောင်း သားဖြစ်သူ ဦးကိုချေက DMG သို့ပြောသည်။

“ကျနော်အဖေက မျှစ်သွားရှာတာပေါ့။ နောက်အဖော်တစ်ယောက်လည်း ပါသေးတယ်။ ဆိုတော့ မျှစ်ရှာပြီးပြန်ဆင်းတဲ့အခါမှာ ကျနော်အဖေဆင်းတဲ့လမ်းဖက်က ဝက်ဝံနဲ့တည့်တည့်သွားတိုးတာတဲ့။ ပြေးမလွတ်လိုက်ဘူးပေါ့။ နောက်တစ်ယောက်ကကျတော့ လွတ်သွားတယ်။ ကုတ်ရာ ၅ ချက်လောက်ရပါတယ်။ ခြေထောက်ကိုတော့ ၁၆ ချက်လောက်ခြုပ်လိုက်ရတယ်” ဟု ဦးကိုချေက ဆိုသည်။

ဝက်ဝံကိုက်ခံရသည့် ဦးသောင်းတင်အောင်ကို သရက်တပင်ကျေးလက်ကျန်းမားရေးဌာနမှတဆင့် ကျောက်တော်ဆေးရုံသို့ ပို့ထားလိုက်ခြင်းဖြစ်ပြီး ဆေးကုသမှုခံယူလျက်ရှိနေကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က ပြောသည်။

“ဒဏ်ရာက နည်းနည်းများတော့ မနေ့က သရက်တပင်ကျေးလက်ကျန်းမာရေးဌာနက လက်မခံတာကြောင့် ကျနော်တို့ မနေ့က ည ၇ နာရီလောက်မှာ ရွှေကရုဏာကားကို အကူအညီတောင်းပြီးတော့ ဆေးရုံပို့ပေးလိုက်တာဖြစ်ပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု ဦးခိုင်မျိုးအောင်က ဆိုသည်။

ယခုကဲ့သို့ ဖြစ်သွားသည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် အနည်းငယ်စိုးရိမ်းမှုများရှိသော်လည်း စားဝတ်နေရေး ဖြေရှင်းရန်အတွက် ၎င်းတို့လုပ်ငန်းကဲ့သို့ဖြစ်နေသည့် မျှစ်ရှာခြင်း၊ ပျိုးစိုက်ခြင်းနှင့် ထင်းခုတ်ခြင်းများကိုသာ ကိုယ်နည်းကိုယ်ဟန်ဖြင့် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

ထို့အပြင် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် WFP တစ်ခုကသာ ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး လက်ရှိမှာ WFP က ထောက်ပံ့မှုမရသည်မှာ နှစ်လခန့်ကြာမြင့်နေပြီဖြစ်သည့်အတွက် စားဝတ်နေရေးအခက်အခဲများရှိနေကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်ကပြောသည်။

“စခန်းမှာက လူတွေအကုန်လုံးက စားဝတ်နေရေးအဆင်မပြေကြပါဘူး။ အရင်က အမြဲလိုထောက်ပံ့ပေးနေတဲ့ WFP ကလည်း ဘဏ်တွေငွေမလည်တာကြောင့်ဆိုလားမသိဘူး။ နှစ်လလောက်ရှိပြီး ထောက်ပံ့မှုမရတာ။ သူတို့ထောက်ပံ့မှုမဝင်တာနဲ့က အကျပ်အတည်းဖြစ်တာပါပဲ။ ဘေးစီမံကတော့ ၇ လပိုင်းက ထောက်ပံ့မှုလုပ်ခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်တစ်ရက် ဆန်နှစ်ဗူးဆိုတော့ ဆန်တခုတည်းနဲ့ ထမင်းစားလို့ရတာမဟုတ်ဘူးလေ။ လူတိုင်းကတော့ အကျပ်အတည်ဖြစ်နေကြတာပါပဲ ” ဟု ဦးခိုင်မျိုးအောင်က ဆိုသည်။

ယင်းစခန်းတွင် ဒေသန္တာရအခြေအနေအရ အရေးကြီးသည့်ကိစ္စများမှလွဲ၍ အပြင်မထွက်ရန် ကန့်သတ်မှုများရှိပြီး စခန်းတွင် လူဦးရေ ၃၄၁၃ ဦးနှင့် အိမ်ထောင်စု ၈၂၄ စုရှိကြောင်း သိရသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းကဲ့သို့ တခြားရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း အဝင်အထွက်ကန့်သတ်ထားခြင်း၊ အသွားအလာ ကန့်သတ်မှုများရှိနေပြီး လက်ရှိတွင်လည်း အလှူရှင်များနည်းသွားသည့်အတွက် စားဝတ်နေရေးအခက်အခဲများရှိနေကြခြင်းဖြစ်သည်။

ဗီဒီယိုများ