ကိုဗစ်ကာလအတွင်း ရခိုင်ကစစ်ဘေးရှောင်စခန်းအချို့တွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံနေရ

ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါဖြစ်ပွားနေမှုကြောင့် သွားလာမှုမလုပ်ရန် ကန့်သတ်ထားသည့် အတွက် စစ်ဘေးရှောင်စခန်းများတွင် ကူညီထောက်ပံ့မှုမရရှိဘဲ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေ ရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

By အောင်ထိန် 13 Oct 2020

အောင်ထိန် | DMG
အောက်တိုဘာ ၁၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါဖြစ်ပွားနေမှုကြောင့် သွားလာမှုမလုပ်ရန် ကန့်သတ်ထားသည့် အတွက် စစ်ဘေးရှောင်စခန်းများတွင် ကူညီထောက်ပံ့မှုမရရှိဘဲ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေ ရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြေပုံမြို့နယ်ရှိ လူဦးရေ ၄၀၀ ကျော်ခိုလှုံနေသည့် စညှင်းစစ်ဘေးရှောင်စခန်း၌ အရပ်ဖက်အဖွဲ့အစည်းများ လာရောက်လှူဒါန်းခြင်းမရှိသဖြင့် ရိက္ခာပြတ်လပ်နေသည်မှာ ရက်ပေါင်းနှစ်ဆယ်ခန့်ရှိနေပြီး လက်ရှိစခန်းတွင် ဆန်တစ်အိတ်သာရှိကြောင်း စခန်းတာဝန်ခံ ကိုသူရမိုးကပြောသည်။

“ကိုဗစ်ကြောင့် အသွားအလာတွေ ပိတ်ထားမယ်ဆိုရင် ရှေ့လျှောက် စခန်းရပ်တည်ဖို့မလွယ်ဘူး။ အလှူ ရှင်လည်း မရောက်ဘဲ အခုလိုမျိုး စားနပ်ရိက္ခာပြတ်နေရင်တော့ ငတ်သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါစခန်းတွင် ဆန်ရိက္ခာအပြင် ဆီး၊ ဆား၊ ငရုတ် စသည့် စားသောက်ကုန်ပစ္စည်းများလည်း ပြတ်လပ်နေပြီး လက်ရှိ စခန်းအတွင်းရှိ ဒုက္ခသည်များမှာ အနီးအနားရှိကျေးရွာများမှ ချေးငှားစားသောက်နေရကြောင်း ဒုက္ခသည်များက ပြောသည်။

“ကျွန်မတို့မှာ အလုပ်အကိုင်ဆိုတာလည်းမရှိ၊ အလှူရှင်တွေကိုပဲ အားကိုးနေရတာ။ ဟိုလူဆီကချေး၊ ဒီလူဆီက ချေးပြီးစားတယ်။ အကုန်လုံးက လုပ်ကိုင်စားသောက်လို့လည်းမရတော့ ချေးလို့ငှားလို့လည်းမရတော့ဘူး။ နောက်ဆို ဘယ်လိုအခက်အခဲကြုံလာမယ်ဆိုတာ ကျွန်မလည်းမတွေးတတ်တော့ဘူး” ဟု စညှင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ဒေါ်မာမာအေးက ပြောသည်။

အလားတူ ဒုက္ခသည်ဦးရေ (၄)ထောင်ကျော်ရှိသည့် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင် စခန်းတွင် ဒုက္ခသည်ဦးရေ ၆၀၀ ကျော် ထပ်တိုးရောက်ရှိလာသည့်အတွက် စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

ယင်းစစ်ဘေးရှောင်စခန်းသို့ ခိုလှုံရန်ထပ်မံရောက်ရှိလာသည့် ဒုက္ခသည်များအတွက် ယခင်စခန်းရှိ ဒုက္ခသည် များကိုထောက်ပံ့ပေးထားသော စားနပ်ရိက္ခာတို့မှ ခွဲဝေကာ စားရေးသောက်ရေးပြဿနာကို ဖြေရှင်းထား ရကြောင်း စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်ကထံမှ သိရသည်။

“အရင်ရှိတဲ့ ဒုက္ခသည်တွေက WFP က ငွေကြေးအထောက်အပံ့ရတယ်။ ဘေးအန္တရာယ်ဆိုင်ရာကပေးတဲ့ ဆန်ကို အရင်ရှိတဲ့သူတွေကို လျှော့ပေးပြီးတော့ အသစ်ရောက်လာတဲ့ ဒုက္ခသည်အတွက် အဲဒီဆန်တွေကို ခွဲဝေ ပေးထားရတယ်” ဟု ၎င်းကရှင်းပြသည်။

ထို့ပြင် ညောင်ချောင်းစစ်ဘေးရှောင်စခန်း၌ လူဦးရေများပြားလာသဖြင့် နေထိုင်ရေးနှင့် ကျန်းမာရေးအခက်အခဲ များလည်းရှိနေကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် UN, INGO, NGO များ အနေဖြင့် စားနပ်ရိက္ခာထောက်ပံ့ခြင်းလုပ်ငန်း၊ COVID-19 ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနက် မဖြစ်မနေဆောင်ရွက်သင့်သည့်လုပ်ငန်း၊ ရေနှင့် မိလ္လာရေဆိုး စနစ် ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကိုသာ ဆောင်ရွက်ခွင့်ပြုကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့တွင် အသိပေးစာ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲ ၂ နှစ်တာကာလအတွင်း စစ်ဘေးဒုက္ခသည်ဦးရေ နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော်ရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ အောက်တိုဘာလ ၁ ရက်နေ့အထိ စာရင်းအရသိရသည်။

ဗီဒီယိုများ