ကိုဗစ်ကာလတွင် စစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆေးဝါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရ

ကိုဗစ်ကာလတွင် ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းအချို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆေးဝါး ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများထံမှ သိရသည်။

By မျိုးသီရိကျော် 19 Sep 2020

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၁၉ ၊ စစ်တွေ

ကိုဗစ်ကာလတွင် ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းအချို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆေးဝါး ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများထံမှ သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းမှ စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကိုယ်ဝန်ဆောင်များအတွက်လိုအပ်သည့် သောက်ဆေး၊ ထိုးဆေးများ မပြုလုပ်ရသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း အလိုတော်ပြည့်စစ်ရှောင်စခန်းတာဝန်ခံ ဦးထွန်းအောင်ကျော်က ပြောသည်။

“ဒီဆေးခန်းမှာ ဆေးပြတ်နေတဲ့အတွက် ကိုယ်ဝန်ဆောင်တွေအတွက် သောက်ဆေးတွေ၊ လစဉ်ထိုးနေကြ အားဆေးတွေ မထိုးရသေးပါဘူး။ အဓိက ဆေးဝါးပြတ်နေတယ်၊ ဒီဆေးခန်းက ဆရာဝန်တွေကိုမေးကြည့် တော့လည်း ကိုဗစ်ကြောင့် သူတို့မလာနိုင်သေးကြောင်း အကြောင်းပြန်ပါတယ်” ဟု ၎င်းကဆိုသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့မှာ ဆေးဝါးများကို ကိုယ်တိုင်ဝယ်ယူသောက်နေကြသော်လည်း ငွေကြေး မရှိသူများမှာ ဆေးမဝယ်ယူနိုင်ကြောင်း အလိုတော်ပြည့်စစ်ရှောင်စခန်းမှ ကိုယ်ဝန် ၉ လ လွယ်ထားရသည့် ဒေါ်ဝင်းဝင်းချေက ပြောသည်။

“ဒီလိုအချိန်မျိုးမှာ ကျမတို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်ပေးဖို့ လိုအပ် ပါတယ်။ တစ်ခုခုဆိုရင် ကျမတို့တင်မကဘူး၊ ဗိုက်ထဲက ကလေးကိုလည်း ထိခိုက်သွားနိုင်တယ်လေ။ အားဆေး တွေနဲ့ အာဟာရအဖြစ် အစားအစာတွေကို ကိုယ့်ပိုက်ဆံနဲ့ ဝယ်မယ်ဆိုရင်လည်း ငွေကမရှိဘူး” ဟု ၎င်းက ဆိုသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အစိုးရမှ လစဉ်ထောက်ပံ့ပေးသည့် ငွေကျပ် ၁၅၀၀၀ မှာ တခြား လိုအပ်သည့်ပစ္စည်း ဝယ်ယူရသည့်အတွက် ဆေးဝါးများဝယ်ယူရန် ငွေမကျန်တော့နိုင်ကြောင်း ဒေါ်ဝင်းဝင်းချေက ပြောသည်။

ထို့အပြင် ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးစစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်တင်တင်မြကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လိုအပ်သည့်ဆေးဝါးများ ပြတ်လပ်နေသည်မှာ ၃ လခန့်ရှိနေပြီဟု ဆိုသည်။

“ဆေးကုန်သွားတာလား ဘာဖြစ်တာလဲတော့ မသိဘူး။ ကျမတို့ ကိုယ်ဝန်ဆောင်တွေနဲ့ပတ်သတ်တဲ့ ဆေးတွေ မရှိတာ ၃ လလောက်ရှိပြီထင်တယ်။ ဒီလအတွက်အားဆေးတွေလည်း မထိုးရသေး” ဟု ပြောသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၀ ကျော်ရှိသည့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ကာလအတွင်း ဆေးဝါးပြတ်လပ်မှုများရှိနေသည့်အပြင် မွေးဖွားရန်နေရာ အခက်အခဲများလည်း ရှိနေကြောင်း စခန်းတာဝန်ခံ ဦးဝင်းလှအောင်က ပြောသည်။

“ဒီမှာကိုယ်ဝန်ဆောင်က ၂၀ ကျော်လောက်ရှိတယ်။ သူတို့က မပေါ့မပါးနဲ့ဆိုတော့ သာမန်လူတွေထက် ပိုပြီး တော့လည်း စိတ်ပူရတယ်။ စစ်ရှောင်စခန်းမှာဆိုတော့ သူတို့စားသင့်တဲ့ အစာအာဟာရလည်း မစားရဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သည့်အတွက် လမ်းခရီးအခက်အခဲများကြောင့် CSO အဖွဲ့အစည်းများနှင့် အခြား ကူညီထောက်ပံ့ပေးနေသူများ မသွားရောက်နိုင်သည့်အချိန်တွင် ယင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်ရှိသည့်အစိုးရမှ တာဝန်ယူမှု၊ တာဝန်ယူစိတ် အားနည်းနေကြောင်း ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူကဆိုသည်။

“စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေထဲမှာမှ အမျိုးသမီးတွေကိုတော့ ပိုပြီးတော့ လုပ်ဆောင်ပေးရမှာ ပေါ့နော်။ အထူးသဖြင့် ဒီလိုမျိုး ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက် ခံစား ခွင့်ကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။ အမျိုးသမီးငယ်လေးတွေအတွက်ဆိုရင်လည်း အများကြီး ထည့်သွင်း စဉ်စားပေးဖို့ လိုအပ်တယ်ဆိုတာကို ကျမတို့အနေနဲ့တောက်လျှောက်ပြောလာခဲ့ပေမယ့် ဘာမှထူးခြားတာ မရှိခဲ့ဘူး။ ဒီလိုကိစ္စမျိုးဆိုတာ အစိုးရက တာဝန်ယူမှုနဲ့ တာဝန်ယူစိတ် ရှိဖို့လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်စခန်းများကို ကူညီပေးသည့်နေရာတွင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ယေဘုယျ ထည့်သွင်းစဉ်းစားခြင်းမဟုတ်ဘဲ သီးသန့်လုပ်ဆောင်ပေးသင့်ကြောင်း စောစံငြိမ်းသူက ထောက်ပြသည်။

လက်ရှိရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင် ဦးရေ ၂ သိန်းနီးပါးရှိလာနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ နေရာထိုင်ခင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ဗီဒီယိုများ