ဘူးသီးတောင်မြို့တွင် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့၍ စခန်းကိုလော့ဒေါင်းချ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းမှ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၌ ယနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး စခန်းကို lockdown ချလိုက်ပြီဖြစ်ကြောင်း သိရသည်။

18 Aug 2021

DMG ၊ သြဂုတ် ၁၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းမှ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၌ ယနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး စခန်းကို lockdown ချလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသမီးငယ်သည် ပြင်ပပုဂ္ဂလိကဆေးရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ နေမကောင်းဖြစ်သည့် သုံးရက်မြောက်နေ့တွင် ဆေးခန်းပြသရာမှ ကိုဗစ်ရောဂါပိုးကူးစက်ခံထားသည်ဟု စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဂန္ဓာရီစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ကြိုင်ကပြောသည်။

“သူက ဖျားနေတာသုံးရက်လောက်ရှိပြီ။ နှာစေးတယ်၊ ဖျားတယ်။ အဲဒါကြောင့် ဆေးခန်းကိုပြလိုက်တော့ ကိုဗစ်တွေ့တာပါ။ အခုကတော့ ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ ကျန်းမာရေးအခြေအနေကတော့ အခုလောလောဆယ် ကောင်းပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ယင်းစစ်ဘေးရှောင်စခန်း၌ အနည်းငယ် ဖျားနာနေသည့်လူများရှိနေသည့်အတွက် စခန်းအဝင်အထွက်အား ယနေ့တွင် စတင်ကန့်သတ်လိုက်ပြီဖြစ်ကြောင်း ဦးမောင်ကြိုင် ပြောကြားချက်အရ သိရသည်။

“အခုကတော့ အကုန်လုံးအပြင်မထွက်ရအောင် ကန့်သတ်လိုက်ပါပြီ။ တခြားလူတွေကိုစစ်ဆေးဖို့အတွက် ဆရာဝန်တွေ လာမယ်လို့လည်း ပြောသံကြားပါတယ်။ အတိအကျတော့ မသိရသေးပါဘူး”ဟု ဦးမောင်ကြိုင်ကပြောသည်။

ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု (၁၉၉)စု၊ လူဦးရေ (၁၉၂၆)ဦး ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါစခန်းတွင် WFP မှ ဆန်ရိက္ခာတစ်ခုသာ ထောက်ပံ့မှုရှိသဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ယခင်ကလည်း မြောက်ဦးမြို့နယ် စင်ဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတွင် ကိုဗစ်ပိုးကူးစက်ခံရသဖြင့် စခန်းအား အဝင်အထွက် ကန့်သတ်မှုများလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ထိ ပိုးတွေ့လူနာ စုစုပေါင်း ၃၆၆၂ ဦးနှင့် သေဆုံးသူ ၃၄၄ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

ဗီဒီယိုများ