ရခိုင်တွင် စစ်ဘေးရှောင်တစ်သောင်းသုံးထောင်ကျော် နေရပ်ပြန်ရန် စာရင်းပေးထား

ရခိုင်ပြည်နယ်တွင် နေရပ်ပြန်မည့်စစ်ဘေးရှောင်များကို စာရင်းကောက်ယူလျက်ရှိရာ ယနေ့(ဖေဖေါ်ဝါရီလ ၁၉ ရက်)နေ့အထိ နေရပ်ပြန်မည့်သူစုစုပေါင်း တစ်သောင်းသုံးထောင်လေးရာကျော်ရှိကြောင်း ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီမှ သိရသည်။

19 Feb 2021

DMG | ဖေဖော်ဝါရီ ၁၉

ရခိုင်ပြည်နယ်တွင် နေရပ်ပြန်မည့်စစ်ဘေးရှောင်များကို စာရင်းကောက်ယူလျက်ရှိရာ ယနေ့(ဖေဖေါ်ဝါရီလ ၁၉ ရက်)နေ့အထိ နေရပ်ပြန်မည့်သူစုစုပေါင်း တစ်သောင်းသုံးထောင်လေးရာကျော်ရှိကြောင်း ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီမှ သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ တစ်လအတွင်းကောက်ယူထားသည့်စာရင်းအရ နေရပ်ပြန်မည့်စစ်ဘေးရှောင်ဦးရေ ၁၃,၄၄၅ ဦးရှိသည်ဟု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။

ယင်းသို့နေရပ်ပြန်မည့်သူများထဲတွင် ဘူးသီးတောင်မြို့နယ်မှ တိုင်းရင်းသား (၈၉၁၈)ဦး၊ မွတ်ဆလင် (၁၈၄၆)ဦး၊ အမ်းမြို့နယ်မှ (၂၄၆၉)ဦးနှင့် စစ်တွေမြို့နယ်မှ (၂၁၂)ဦးတို့ ပါဝင်ကြောင်း သိရသည်။

ဗိုလ်မှူးကြီးမင်းသန်းက “ဘူးသီးတောင်က စစ်ဘေးရှောင်တွေကတော့ ပြန်တော့ပြန်ချင်တယ်။ မိုင်းရှင်းပေးရင် ပြန်မယ်၊ မရှင်းပေးရင်မပြန်ဘူး၊ အဲဒီလိုသဘောမျိုးပေ့ါ။ ဘင်္ဂါလီတွေကလည်းအဲ့လိုပဲ၊ သူတို့ရွာတွေကို မိုင်းရှင်း ပေးရင်ပြန်မယ်။ ဒါကတော့ ကျနော်တို့နောက်ဆုံး ကောက်လို့ရထားတဲ့စာရင်းတွေပေါ့” ဟု ဆိုသည်။

လက်ရှိတွင် ဘူးသီးတောင်၊ အမ်းနှင့် စစ်တွေမြို့နယ်တို့ကိုသာ စာရင်းကောက်ယူနိုင်သေးပြီး ကျန်ရှိသည့် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ စသည့်မြို့နယ်များကိုမူ မိုင်းရှင်းလင်းရေး လုပ်ဆောင် ပြီးမှသာ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။

“လောလောဆယ် အဲဒီဖက်တွေက စာရင်းပေးလာတာတော့မရှိသေးဘူး၊ ထပ်တောင်းရမှာ။ မိုင်းရှင်းပြီးရင် ထပ်ကောက်ရမှာပေါ့။ အခုတော့ မိုင်းမရှင်းသေးဘဲနဲ့တော့ သူတို့ကိုပြန်လွှတ်လို့မဖြစ်ဘူး။ အခုသွားရင် မိုင်းတွေ ထိကုန်မယ်။ ဒါကြောင့် မိုင်းရှင်းပြီးမှသွားတာ အကောင်းဆုံးပဲ’’ ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။

ရခိုင်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှစတင်ကာ နှစ်ဖက်တိုက်ပွဲများရပ်တန့်နေသည့်အတွက် စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်ကာ အမ်း-စစ်တွေကားလမ်းနှင့် ရသေ့တောင်မြို့နယ်မှ ကျေးရွာအချို့တို့တွင် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက စစ်ဘေးရှောင်များ နေရပ် ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရာတွင် ဟိုင်းဝေးလမ်းမကြီးထက် တိုက်ပွဲဖြစ်ပွားခဲ့သည့်ကျေးရွာများနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် မိုင်းရှင်းလင်းရန်လိုအပ်ကြောင်း ထောက်ပြပြောဆိုသည်။

“နေရပ်ပြန်မယ့်ကိစ္စမှာ မိုင်းရှင်းလင်းပေးတခုနဲ့တော့မရသေးဘူး။ ရွာတွေမှာ နေအိမ်တွေအရင်တိုင်းရှိနေ သေးလား၊ မီးလောင်ပျက်စီးသွားတာတွေရှိလားကြည့်ပြီး ပြင်ပေးရမယ်။ နေအိမ်တွေ တစ်ခုတည်း ရှိသေးလို့လည်းမရဘူး။ ရွာတွေမှာ တပ်စခန်းတွေချထားတာရှိတယ်။ ကျေးရွာအနီးတောင်ကုန်းတွေမှာ အမြောက်စခန်းချထားတာရှိတယ်။ အဲဒါတွေကိုဖြုတ်ပေးရမယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် စစ်ဘေးရှောင်များ မူလကလုပ်ကိုင်စားသောက်ခဲ့သည့် လုပ်ငန်းများ လည်ပတ်နိုင်စေရန်အတွက် ဆုံးရှုံးသွားသည့် အရင်းအနှီးများပံ့ပိုးပေးရန်နှင့် ဆက်သွယ်သွားလာရေးလမ်းများကို ပြန်ဖွင့်ပေးရန်လည်း လိုအပ်ကြောင်း ဦးဇော်ဇော်ထွန်းက ထောက်ပြပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၈ သောင်းကျော်ထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရသည်။

ဦးဇော်ဇော်ထွန်းက “ကျနော်တို့ကတော့ အစီအစဉ်တွေဆွဲပြီးလုပ်စေချင်တယ်။ လောလောဆယ် ဒီနှစ်မိုး မတိုင်ခင်မှာ ပြန်လို့ရတဲ့ရွာတွေလည်းရှိမယ်၊ ပြန်လို့မရတဲ့ ရွာတွေလည်းရှိမယ်။ လုပ်လို့ရတဲ့ရွာကရော ဘယ်လောက်ရှိမလဲ။ အဲဒီရွာကလူတွေ ပြန်လို့ရအောင် ဘယ်လိုအစီအစဉ်တွေလုပ်မလဲ။ ဒါတွေကို အစိုးရ ဖက်ကဘယ်လောက်အတိုင်းအတာလုပ်မလဲ။ အစိုးရမဟုတ်ဘဲ တစ်ခြားအဖွဲ့အစည်းတွေကရော ဘယ်လောက်အတိုင်းအတာလုပ်မလဲဆိုပြီး အစီအစဉ်ဆွဲဖို့တော့လိုတယ်” ဟု ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေထိုင် နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်းရန်လိုအပ်ကြောင်းနှင့် တပ်မတော်နှင့် AA တို့အကြား ခိုင်မာသည့်အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရှိရန်လိုအပ်ကြောင်းလည်း ထောက်ပြမှုများရှိနေသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်စဉ် ၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၉ ဦးရှိခဲ့သည်။ ၂၀၂၀ ခုနှစ်တွင်လည်း မိုင်းနှင့် စစ်ကျန် လက်နက်ပေါက်ကွဲမှုဖြစ်စဉ် ၆၁ ကြိမ်အထိရှိခဲ့ပြီး သေဆုံးသူ ၄၅ ဦးနှင့် ဒဏ်ရာရရှိသူ ၈၉ ဦးအထိရှိခဲ့ကြောင်း အစိုးရ၏ စာရင်းများအရသိရသည်။

ဗီဒီယိုများ