ရခိုင်ကစစ်ရှောင်စခန်းများတွင် ရိက္ခာမပြတ်အောင် စီစဉ်ထားကြောင်း ပြည်နယ်စစ်ကောင်စီပြော

ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာများ ပြတ်တောက်သွားအောင်ထိ အခြေအနေမဆိုးအောင် စီစဉ်ထားကြောင်း ပြည်နယ်စစ်ကောင်စီမှ တာဝန်ရှိသူများက ပြောသည်။

22 Jun 2021

DMG ၊ ဇွန် ၂၂

ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာများ ပြတ်တောက်သွားအောင်ထိ အခြေအနေမဆိုးအောင် စီစဉ်ထားကြောင်း ပြည်နယ်စစ်ကောင်စီမှ တာဝန်ရှိသူများက ပြောသည်။

စစ်ဘေးရှောင်စခန်းများထံသို့ ပုံမှန်ရိက္ခာပေးပို့ရန် လက်ရှိအခြေအနေအရ အခက်အခဲတချို့ရှိနေသော်လည်း စစ်ဘေးရှောင်များအတွက် မျက်ခြေမပြတ်ဆောင်ရွက်ထားခြင်းများရှိသည်ဟု ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောသည်။

“တိုင်းပြည်မှာ လက်ရှိအနေအထားကြောင့် ဘဏ်ထဲက ငွေထုတ်ရခက်တယ်။ ဌာနကနေ ပုံမှန်ဆိုရင် ဒီလ ဆန်အိတ် ၁၀၀ ပို့ရမယ်ဆိုရင် ဝယ်မယ့်ပိုက်ဆံအခက်အခဲကြောင့် ဆန်အိတ်တစ်ရာအတွက် ပိုက်ဆံ ထုတ်လို့မရဘူး။ ဆိုတော့ အဲလိုကိစ္စတွေလည်းအများကြီးရှိတယ်။ ဒါပေမယ့် တိုက်ပွဲရှောင်စခန်းတွေမှာ အစားအသောက်ပြတ်တောက်သွားအောင်ထိတော့ အခြေအနေမဆိုးအောင် စီစဉ်ထားပါတယ်” ဟု ပြောသည်။

ယင်းအပြင် ပြည်နယ်စစ်ကောင်စီအနေဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အလိုက် အဆင့်ဆင့် ညွှန်ကြားပြီး လုပ်ဆောင်နေသည့်အတွက် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်စရာမရှိဖြစ်သွားမည်ကို စိုးရိမ်စရာမရှိကြောင်း ဦးလှသိန်းက ဆက်လက်ပြောသည်။

“အခြေအနေဆိုတာ မနက်ဖြန်တမျိုး၊ ဒီနေ့ တမျိုး ပြောင်းလဲနေတယ်။ အချိန်နဲ့တပြေးညီ ကျနော်တို့လည်း အလုပ်လုပ်နေတယ်။ ခရိုင်အဆင့်လည်း အလုပ်လုပ်နေတယ်။ မြို့နယ်အဆင့်တွေကလည်း လုပ်နေတဲ့အတွက် ရိက္ခာတွေ ပြတ်တောက်သွားမှာတို့၊ နေစရာတွေ ပျက်စီးသွားမှာ၊ နေထိုင်စရာမရှိဘဲ လက်လွတ်သွားမှာတွေကို စိုးရိမ်စရာမရှိပါဘူး” ဟု သူကဆိုသည်။

ယခုရက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်တော်၊ မင်းပြား၊ မြေပုံစသည့် စစ်ဘေးရှောင် စခန်းတချို့တွင် အမိုးအကာများလည်း ပျက်စီးသွားသလို ရေကြီးမှုများကြောင့် နေထိုင်ရေးအခက်အခဲများနှင့် ကြုံတွေ့နေကြရသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်များ အခက်အခဲဖြစ်ပေါ်နေခြင်းနှင့်ပတ်သတ်ပြီး ပြည်နယ်စစ်ကောင်စီအနေဖြင့်လည်း အခြေအနေပေါ်တွင်မူတည်၍ အဆင်ပြေဆုံးဖြစ်အောင် လုပ်ဆောင်နေကြောင်းပြောသည်။

ဦးလှသိန်းက “ စစ်ဘေးရှောင်စခန်းတွေမှာ ဒီရာသီအနေအထားကြောင့် ရေကြီးမယ်ဆိုရင် ကြီးတဲ့ရေပေါ့။ ဘယ်လိုလုပ်နိုင်မလဲ၊ လတ်တလောအနေနဲ့ ကြီးတာလား၊ ဒီရေတက်လို့ ကြီးတာလား၊ မိုးများလို့ ကြီးတာလား။ ဒီအပေါ်မှာ မူတည်ပြီး အဆင်အပြေဆုံးဖြစ်အောင်တော့ အောက်ခြေမှာ စောင့်ကြည့်တဲ့ အဖွဲ့တွေ၊ ကော်မတီတွေရှိတယ်။ သူတို့ကနေပြီး ရေဖောက်ထုတ်ဖို့လိုရင် ဖောက်ထုတ်မယ်။ ဖောက်ထုတ်တဲ့အခါ ရေထွက်လမ်းအခက်အခဲရှိရင် အဆင့်ဆင့်တင်ပြလို့ရှိရင် ညှိနှိုင်းပြီးတော့ ထွက်လို့ရအောင်လုပ်မှာ ဖြစ်တယ်” ဟု ဆိုသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲဖြစ်ပွားခဲ့သော ၂ နှစ်ကျော်ကာလအတွင်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း တစ်သိန်းကျော်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ သိရသည်။

ဗီဒီယိုများ