ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် လိုအပ်ချက်များစွာရှိနေ

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် သတင်းအချက်အလက်ရရှိမှု နည်းပါးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ နေထိုင်ရန် အခက်အခဲများရှိနေကြောင်း စခန်းတာဝန်ရှိသူများမှ ပြောသည်။

05 May 2020

ခင်သရဖီဦး | DMG
မေ ၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် သတင်းအချက်အလက်ရရှိမှု နည်းပါးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ နေထိုင်ရန် အခက်အခဲများရှိနေကြောင်း စခန်းတာဝန်ရှိသူများမှ ပြောသည်။

မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးမှုနှင့် ကာကွယ်ရေးအတွက် လိုအပ်သည့် ပစ္စည်များကိုလည်း အစိုးရမှ ထောက်ပံ့ပေးထားခြင်းမရှိသေးကြောင်း စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

“အစိုးရအနေနဲ့ ကိုရိုနာနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ တစ်ခုမှမရှိဘူး။ နောက်တစ်ခုက အစိုးရက ကိုရိုနာနဲ့ပတ်သတ်ပြီး လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးတာ မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲဖြစ်ပွားမှုများကြောင့် မြို့နယ်များတွင် အင်တာနက်လိုင်းများဖြတ်တောက် ထားခြင်းကြောင့် စစ်ဘေးဒုက္ခသည်များမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်သည့် အစိုးရ၏ထုတ်ပြန်ချက်များကို သိရှိလိုက်နာရန် အခက်အခဲရှိနေကြောင်း ဦးဝေလှအောင်က ပြောသည်။

ရောဂါကာကွယ်ရေးအတွက် မြို့နယ်အလိုက် လော်စပီကာများဖြင့် ဆော်သြပေးလျက်ရှိကာ စစ်ဘေးရှောင် စခန်းတစ်ခုချင်းစီအလိုက် အသိပညာပေးမှုများကို မလုပ်ဆောင်နိုင်သေးကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်/ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“လူက စုလို့မရတာကြောင့် ကျနော်တို့က စခန်းအရေအတွက်လိုက် မဟုတ်ဘူး။ မြို့နယ်တိုင်းကို ညွှန်ကြား ထားတယ်။ လုပ်ပေးဖို့အတွက် လစဉ်အစိုးရအဖွဲ့ကို အော်ပေးပါလို့ ပညာပေးတွေကို မြို့နယ်အလိုက်လုပ်ဖို့  ညွှန့်ကြားထားတာရှိတယ် ” ၎င်းကဆိုသည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များကို Covid -19 နှင့်ပတ်သတ်ပြီး သတင်းအချက်အလက်များရရှိအောင် မိုဘိုင်းအော်ပရေတာလေးခုမှ မက်ဆေ့ချ်ပို့ပေးမှုများရှိပြီး IDP စခန်းများတွင် ရောဂါကူးစက်မှု မရှိရအောင် လက်ဆေးခြင်းများ၊ စခန်းအဝင်/အထွက်များကို ကန့်သတ်ခြင်းများ လုပ်ဆောင်နေသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အချို့သောစစ်ဘေးရှောင်စခန်းများတွင် ရေအခက်အခဲများစွာရှိနေသဖြင့် ရောဂါကာကွယ်ရေးအတွက် လက်ဆေးရန်ရေ မရရှိနိုင်ကြောင်း စစ်ဘေးဒုက္ခသည်များက ပြောဆိုကြသည်။

စစ်ဘေးရှောင်စခန်းများတွင် ရောဂါပိုးကူးစက်မှုရှိလာပါက အစုလိုက်အပြုံလိုက် ဖြစ်လာနိုင်သဖြင့် စိုးရိမ်စရာ အခြေအနေဖြစ်လာနိုင်ကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်း အရုံး(REC)၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

စစ်ဘေးဒုက္ခသည်များမှ စခန်းအတွင်းရှိတဲတန်းလျားများတွင် အစုလိုက်အပြုံလိုက်နေထိုင်နေကြရပြီး အစိုးရမှ သတ်မှတ်ထားသည့် ၃ ပေအကွာတွင် နေထိုင်ရန်မဖြစ်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။

“စစ်ဘေးရှောင်တွေက ရောဂါအတွက် စားဝတ်နေရေးဖက်မှာလည်း အဟာရပြည့်ဝအောင် မစားနိုင်ဘူး။ စခန်း တွေမှာက အဟာရချိုတဲ့လူတွေနဲ့ ရောဂါအခံရှိကြတာများတယ်။ ရောဂါစတာနဲ့ အစုလိုက်အပြုံလိုက် သေတဲ့ အထိကိုဖြစ်နိုင်တယ် ” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

တပ်မတော်နှင့် ရက္ခိုင်တပ်တော်(AA)တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့် လာနေပြီး တိုက်ပွဲများကြောင့် အရပ်သားပြည်သူ ၁ သိန်း ၆ သောင်း ၄ ထောင်ကျော်မှာ စစ်ဘေးဒဏ်ကို ခံစား နေကြရသည်။

၎င်းစစ်ဘေးဒုက္ခသည်များမှာ ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်း ၁၂၈ ခုတွင် စုပြုံနေထိုင်လျက် ရှိနေကြသည်။

ဗီဒီယိုများ