ရခိုင်က စစ်ဘေးရှောင်များ မဲပေးနိုင်ရေး လုံခြုံရေးအခြေအနေပေါ်တွင် မူတည်ဟု ပြည်နယ်ကော်မရှင်ဆို

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်များ မဲပေးနိုင်ရေးသည် လုံခြုံရေးအခြေအနေပေါ်တွင် မူတည်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောသည်။

By မင်းထွန်း 27 Aug 2020

မင်းထွန်း | DMG
သြဂုတ် ၂၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်များ မဲပေးနိုင်ရေးသည် လုံခြုံရေးအခြေအနေပေါ်တွင် မူတည်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောသည်။

စစ်ဘေးဒုက္ခသည် အများအပြားနေထိုင်သည့် မြို့နယ်များတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲဖြစ်ပွားသည့် ဒေသများဖြစ်သဖြင့် ထိုဒေသများမှ စစ်ဘေးရှောင်များ ဆန္ဒမဲပေးနိုင်ရေးသည် လုံခြုံရေးအပေါ်တွင် မူတည်နေခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ (စစ်ဘေးရှောင်တွေ) ရဲ့ စုရပ်တွေဟာ လုံခြုံတဲ့နေရာတွေမှာရှိရင်တော့ မဲပေးဖို့ လုပ်ပေးနိုင်တာ ပေါ့နော်။ မဲရုံတွေကို ရွှေ့သင့်ရင်ရွှေ့မယ်။ ဒါကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီးတော့ သူတို့က ခွင့်ပြုတယ်ဆိုလို့ရှိရင်တော့ လုပ်ပေးနိုင်တယ်။ အဓိကတော့ လုံခြုံရေးအရေးကြီးတာပါပဲ” ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်ဘေးရှောင်များ ဆန္ဒမဲပေးနိုင်ရေး ရှိ/မရှိနှင့်ပတ်သက်၍ လက်ရှိအခြေအနေတွင် တိတိကျကျပြော၍ မရဘဲ ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသည်နှင့်အမျှ ပြောင်းလဲလာမည့် အခြေအနေများပေါ်၌ မူတည်ကြောင်း ဒေါ်တင်လှိုင်က ဆိုသည်။

“ဒါက ရွေးကောက်ပွဲနီးလို့ ကြေညာမှသိရမှာ။ ရွေးကောက်ပွဲကော်မရှင်က ဘယ်နေရာတွေမှာ လုပ်မယ်/ မလုပ်ဘူး စသဖြင့်ပေါ့လေ။ ဒါကတော့ လောလောဆယ်ပြောလို့မရဘူး။ နောက်ပိုင်းဖြစ်လာမယ့် အခြေအနေ ပေါ်မှာ မူတည်တယ်။ နောက်ပိုင်း အဆင်ပြေသွားရင်လည်း မဲပေးနိုင်မှာပေါ့။ အခုလက်ရှိအချိန်မှာ ပြောလို့ မရဘူး၊ အပြောင်းအလဲတွေရှိလာနိုင်တာပေါ့”ဟု သူကပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေး ဒုက္ခသည် နှစ်သိန်းခန့်အထိရှိကြောင်း စစ်ဘေးရှောင်စာရင်းကောက်ယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ ဇူလိုင်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ယခုအခါ စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေး၊ ကျန်းမာရေး စသည့်အခက်အခဲအမျိုးမျိုးကြောင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းပါးကြောင်း စစ်ဘေးရှောင်များက ပြောသည်။

လာမည့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်၌ မဲရုံပေါင်း ၂၆၀၀ ခန့်ဖွင့်လှစ်ရန် လျာထားပြီး မဲပေးပိုင်ခွင့်ရှိသူ ၁၆ သိန်းကျော်ရှိကြောင်း သိရသည်။

ဗီဒီယိုများ