စစ်ရှောင်များအနေဖြင့် မီးငြိမ်းသတ်နိုင်သော ပစ္စည်းများဝယ်ယူရန်အခက်ခဲရှိ၊ စေတနာရှင်များလှူဒါန်းကြရန် တိုက်တွန်း

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် မီးဘေးကာကွယ်ဆိုင်ရာပစ္စည်းများ အကူညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူများနှင့် တာဝန်ရှိသူများထံမှ သိရသည်။

30 Mar 2021

DMG ၊ မတ် ၃၀

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် မီးဘေးကာကွယ်ဆိုင်ရာပစ္စည်းများ အကူညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူများနှင့် တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် မီးဘေးကာကွယ်ရေး အသိပညာပေးမှုတချို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ လာရောက်ပညာပေးမှုအချို့ရှိသော်လည်း စစ်ဘေးရှောင် စခန်းများတွင် မီးဘေးကာကွယ်ရေးဆိုင်ရာပစ္စည်းများ မဝယ်ယူနိုင်သဖြင့် ကာကွယ်ရေး ပစ္စည်းများမရှိကြောင်း စစ်ဘေးရှောင်များ အရေးကူညီဆောင်ရွက်ပေးနေသည့် မြောက်ဦးမြို့မှ ကိုခိုင်မင်းသျှင်ကဆိုသည်။

“စစ်ဘေးရှောင်တွေမှာ စားဝတ်နေရးကိုပြေလည်အောင်ပဲ ဖြေရှင်းနေရတာကြောင့် ငွေကြေးမတက်နိုင်တဲ့ အတွက် မီးဘေးကာကွယ်ရေးဆေးဗူးတွေဖြစ်တဲ့ မီးသတ်ဆေးဗူးလို ဟာမျိုးတွေမဝယ်နိုင်ကြဘူး၊ ရေတွေ ဘာတွေကြိုပြီး ပြင်ဆင်ထားဖို့ကလဲ စစ်ဘေးရှောင်တွေတောင် ရေကိုခြွေတာပြီး သုံးနေကြရတဲ့ အနေအထားပါ ” ဟု ပြောသည်။

ထို့အတူ ရသေ့တောင်မြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း မီးဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာပစ္စည်းများလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

“ကျွန်တော်တို့ကိုတော့ မြို့နယ် မီးသတ်တပ်ဖွဲ့က မီးချိတ်၊ မီးကပ်နဲ့ သဲအိတ်ရေအိတ်တွေဆောင်ထားဖို့ လာအသိပေးတာတွေတော့ရှိတယ်။ ကျွန်တော်တို့မှာ ဒါတွေလုပ်ထားရင်တောင် တကယ်အသုံးလိုတဲ့ မီးသတ်ဆေးဗူးတွေမရှိသေးဘူး။ ဒါတွေကို တတ်နိုင်တဲ့သူတွေက လှူဒါန်းပေးစေလိုပါတယ်” ဟု စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရသေ့တောင်မြို့နယ်မှ ကိုဘက္ကက ပြောသည်။

စစ်ဘေးရှောင်များနေထိုင်ရသည့် တဲအိမ်တန်းများမှာ အုန်း(ဓနိ)မိုး/ကာပြီး၊ ဝါးအခင်းဖြင့် တည်ဆောက် ထားသည်က များသည့်အတွက် ယခုကဲ့သို့ ပူပြင်းသည့် အချိန်တွင် မီးလောင်လွယ်သည့် အနေအထား၌ ရှိနေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနအနေဖြင့် စစ်ဘေးရှောင်စခန်းများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုများကို ဆောင်ရွက်ပေးလျှက်ရှိသော်လည်း ဘက်ဂျက်အနေအထားအရ မီးဘေးကာကွယ်ရေး ပစ္စည်းများထောက်ပံ့နိုင်ခြင်း မရှိကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန ဒု-ဦးစီးမှူး ဦးဝင်းလှိုင်က ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပညာပေးတာကို အဓိကလုပ်နေပါတယ်။ နောက်ပြီး သူတို့မှာ မီးငြိမ်းသတ်ကိရိယာတွေရှိခဲ့ရင် ဘယ်လိုအသုံးပြုရမယ်ဆိုတာကို ပြပေးပါတယ်။ ကျွန်တော်တို့ဘက်ကတော့ မီးသတ်ဆေးဗူးလိုဟာမျိုးတွေကို ထောက်ပံ့ပေးနိုင်တာမျိုးမရှိပါဘူး။ တတ်နိုင်သူတွေ/အလှူရှင်တွေက ဒါတွေကို လှူပေးဖို့လိုအပ်နေပါတယ် ” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ ည ၈နာရီဝန်းကျင်ခန့်က မြောက်ဦးမြို့နယ်မှ လူနေဆောင် ၈၀၀ ကျော်ရှိသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူနေအဆောင် ၆၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကာ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်မှာ မီးဘေးသင့်ခဲ့သည်။

ဗီဒီယိုများ