ပုဂ္ဂလိကသတင်းမီဒီယာသမားများ Stay at Home တွင်ပါဝင်နေမှု ဖြေလျှော့ပေးရန်တောင်းဆို

သတင်းမီဒီယာလုပ်ငန်းများဖြစ်သည့် ပုဂ္ဂလိကသတင်းစာတိုက်များ၊ အွန်လိုင်းသတင်းဌာနများနှင့် ရုပ်သံ သတင်းမီဒီယာများမှာ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၀၊ စက်တင်ဘာ ၂၀ ရက်နေ့ထုတ်ပြန်ချက်အရ Stay at home တွင်ပါဝင်နေမှုအပေါ် ဖြေလျှော့ပေးရန် Myanmar Journalist Network(MJN)က စက်တင်ဘာ ၂၇ ရက်တွင် အစိုးရအား တိုက်တွန်းခဲ့သည်။

By ဉာဏ်ဟိန်း 28 Sep 2020

ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၂၈ ၊ စစ်တွေ

သတင်းမီဒီယာလုပ်ငန်းများဖြစ်သည့် ပုဂ္ဂလိကသတင်းစာတိုက်များ၊ အွန်လိုင်းသတင်းဌာနများနှင့် ရုပ်သံ သတင်းမီဒီယာများမှာ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၀၊ စက်တင်ဘာ ၂၀ ရက်နေ့ထုတ်ပြန်ချက်အရ Stay at home တွင်ပါဝင်နေမှုအပေါ် ဖြေလျှော့ပေးရန် Myanmar Journalist Network(MJN)က စက်တင်ဘာ ၂၇ ရက်တွင် အစိုးရအား တိုက်တွန်းခဲ့သည်။

အစိုးရ၏သတ်မှတ်ချက်တွင် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးကိရိယာထုတ်လုပ်ရောင်းချသောလုပ်ငန်းများကို ခွင့်ပြုပေးထားသော်လည်း ပုဂ္ဂလိကသတင်းမီဒီယာများကို ထည့်သွင်းထားခြင်းမရှိပေ။

သို့ဖြစ်၍ ယခုအချိန်တွင် COVID-19 ပညာပေး၊ ရွေးကောက်ပွဲအသိပညာပေး စသည့်သတင်းအချက်အလက် များအား ပြည်သူ့များထံသို့ အချိန်နှင့်တပြေးညီ စီးဆင်းစေရန်လိုအပ်နေပြီး လုပ်ကြံသတင်းများ၊ သတင်းတု၊ သတင်းမှားများအပေါ် ပြည်သူ့များ အမြင်ရှုပ်ထွေးမှုမဖြစ်စေရန်၊ စိုးရိမ်သောကများလျှော့ချနိုင်ရန် စသည်တို့ အတွက် သတင်းမီဒီယာများကို Stay at home အစီအစဉ်မှ ချန်လှပ်ပေးရန် MJN မှ တောင်းဆိုထားသည်။

“Stay at home သတ်မှတ်လိုက်တာကတော့ သတင်းသမားတွေအတွက် အခက်အခဲတွေအများကြီး ရှိလာ နိုင်တယ်။ အဓိကတော့ ကျွန်တော်တို့သတင်းသမားတွေက အများနဲ့သက်ဆိုင်တဲ့ အများပြည်သူ့သိခွင့်ရှိတဲ့ သတင်းအချက်အလက်တွေကို လုပ်နေရတဲ့အခါကျတော့ ဒီလိုကန့်သတ်လိုက်တာဟာ သတင်းလုပ်ငန်းကို တော်တော်ထိခိုက်နိုင်တယ်” ဟု DVB သတင်းဌာနမှ နယ်သတင်းထောက် ကိုနောင်နောင်ကဆိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ၏ သတင်းအချက်အလက်သိပိုင်ခွင့်အားထောက်ထား၍ ကိုဗစ် ၁၉ ကပ်ရောဂါကာလ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ပါ ကန့်သတ်ချက်များတွင် သတင်းမီဒီယာ၏အခန်း ကဏ္ဍကို အသိအမှတ်ပြုကာ စနစ်တကျကင်းလွတ်ခွင့်ပေးရန် PEN Myanmar က ယနေ့(စက်တင်ဘာလ ၂၈ ရက်)တွင် တိုက်တွန်းထားသည်။

ကပ်ရောဂါဘေးဆိုးကြီးအား မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ ရင်ဆိုင်ကျော်လွှားနေရသည့် အရေးကြီးသော ကာလကြီးတွင် သတင်းမီဒီယာ၏အခန်းကဏ္ဍအား ယခုကဲ့သို့ မေ့လျော့ထားရှိခြင်းမှာ သတင်းအချက်အလက် ရပိုင်ခွင့်ကို အစိုးရအနေဖြင့် အလေးအနက်ထားရှိမှု မရှိကြောင်း စိတ်မကောင်းစွာတွေ့မြင်ရကြောင်း PEN Myanmar က ဆိုသည်။

မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ၏ အကြိုကာလတွင် သတင်းမီဒီယာများ၏ လွတ်လပ်စွာလှုပ်ရှားနိုင်မှုအပေါ် ယခုလိုကန့်သတ်မှုများ၊ ဖိအားများကျရောက်နေခြင်းသည် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှုအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိစေမည်ကို ထောက်ရှုမိကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရခိုင်ပြည်နယ်မှ အလွတ်တန်းသတင်းထောက် ကိုဧကရာဇ်က “အခုအချိန်က ရွေးကောက်ပွဲကာလလည်း ဖြစ်တယ်၊ ကိုဗစ်ကာလလည်းဖြစ်တယ်။ တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်ဆိုတော့ ဒီအခြေအနေမှာ သတင်းထောက်တွေကို Stay at home ထားမယ်ဆိုရင် သတင်းအမှားတွေကိုအားပေးရာရောက်တယ်” ဟု ပြောသည်။

အဆိုပါကိစ္စအား သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းပေးစေလိုကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက တောင်းဆိုထားသည်။

ဗီဒီယိုများ