ကိုဗစ်ကာလတွင် လယ်သမားများအတွက် စိုက်ပျိုးရေးချေးငွေ ၅ သောင်းကျပ်ကို ထပ်တိုးချေးပေးမည်

COVID-19 ကာလအတွင်း တောင်သူလယ်သမားများအတွက် လယ်တစ်ဧကလျှင်  စိုက်ပျိုးရေးချေးငွေ ၅ သောင်းကျပ်ကို ထပ်တိုးချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ သိရသည်။

By ဝင်းညွန့် 23 Jun 2020

ဝင်းညွန့် | DMG
ဇွန် ၂၃ ၊ စစ်တွေ

COVID-19 ကာလအတွင်း တောင်သူလယ်သမားများအတွက် လယ်တစ်ဧကလျှင်  စိုက်ပျိုးရေးချေးငွေ ၅ သောင်းကျပ်ကို ထပ်တိုးချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲမြို့များတွင် ယမန်နေ့ ဇွန်လ ၂၂ ရက်က စတင်ကာ စိုက်ပျိုးရေးစရိတ်ချေးငွေများကို ထုတ်ချေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (ရခိုင်ပြည်နယ် ဘဏ်ခွဲ)မှ ဘဏ်မန်နေဂျာ ဦးအေးသိန်းက DMG သို့ ပြောသည်။

“တစ်ဧကကို ၅သောင်းစီ ထပ်ချေးသွားမယ်။ မနှစ်က ချေးငွေကို ပြန်မဆပ်နိုင်တဲ့ လယ်သမားတွေတော့ မပါဘူး” ဟု ၎င်းကဆိုသည်။

ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေကို လယ်တစ်ဧကလျှင် ငွေကျပ် ၅ သောင်းစီ ထပ်တိုးချေးပေးမည့်အကြောင်းကို မကြားသိရသေးကြောင်း မြေပုံမြို့နယ်၊ သရက်အုပ်ကျေးရွာမှ လယ်သမား ဦးအောင်ထွန်းတင်က ပြောသည်။

“ကျွန်တော်တို့ကို အဲဒီလိုထပ်ချေးမယ်လို့ ပြောတာလည်း မရှိသေးဘူး။ အခုလို အကျပ်အတည်းကာလမှာ ချေးငွေ ထပ်ချေးမယ်ဆိုတော့ ကောင်းတာပေါ့။ ဒါပေမဲ့ မနှစ်ကပြန်ဆပ်တဲ့သူတွေကိုမှ ချေးမယ်ဆိုတော့ လယ်သမား အများစု မဆပ်နိုင်တာများတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ လယ်သမားများကို ချေးငွေထပ်တိုးချေးမည်ကို တောင်သူလယ်သမားများ သိရှိစေရန် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား အစည်းအဝေးခေါ်ယူကာ ချေးငွေထုတ်ချေးမည့်ကိစ္စကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှသိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)၏စာရင်းအရ ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က မိုးစပါး ချေးငွေ (ကျပ် ၇၉ ဒသမ ၈၅ ဘီလီယံ)အား လယ်သမားများသို့ ထုတ်ချေးပေးခဲ့ရာ ၂၀၂၀ ခုနှစ် မေလ ၂၇ ရက် နေ့အထိ ချေးငွေပြန်ဆပ်မှုမှာ (၁၁ ဒသမ ၁၀ ဘီလီယံ)ခန့်သာ ရှိသေးကြောင်း သိရသည်။

ယင်းသို့ လယ်သမားများချေးငွေမဆပ်နိုင်ခြင်းမှာ တိုက်ပွဲများကြောင့် လယ်ယာထွန်ယက်စိုက်ပျိုးရန် အခက် အခဲဖြစ်ခြင်း၊ ထွန်ယက်ပြီးစပါးများ မရိတ်သိမ်းနိုင်ခြင်းနှင့် စပါးရောင်းဝယ်ရေး အဆင်မပြေခြင်းတို့ကြောင့် ဖြစ်သည်ဟု တောင်သူများက ပြောဆိုကြသည်။

ဗီဒီယိုများ