ရခိုင်တွင် တစ်လအတွင်း စစ်ဘေးဒုက္ခသည်ဦးရေ သုံးသောင်းကျော်တိုးလာ

ရခိုင်ပြည်နယ်တွင် တစ်လအတွင်း စစ်ဘေးဒုက္ခသည်ဦးရေ သုံးသောင်းကျော်အထိ တိုးလာသဖြင့် ဒုက္ခသည် ဦးရေ ၁၉၀,၇၀၈ ဦးရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ သိရသည်။

By အောင်ထိန် 08 Jul 2020

အောင်ထိန် | DMG
ဇူလိုင် ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် တစ်လအတွင်း စစ်ဘေးဒုက္ခသည်ဦးရေ သုံးသောင်းကျော်အထိ တိုးလာသဖြင့် ဒုက္ခသည် ဦးရေ ၁၉၀,၇၀၈ ဦးရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များစာရင်းကို ကောက်ယူနေသည့် REC မှ ဇွန်လ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်ဘေးဒုက္ခသည် ၁၅၆,၄၅၆ ဦးရှိခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့ ထုတ်ပြန်ရာတွင် ဒုက္ခသည် ၁၉၀,၇၀၈ ဦး ရှိလာသဖြင့် တစ်လအတွင်းတိုးလာသည့်ဒုက္ခသည်ဦးရေမှာ ၃၄,၂၅၂ ဦးဖြစ်သည်။

“တိုးတဲ့ အဓိကအချက်က ကျောက်တန်းမှာ တပ်မတော်က နယ်မြေရှင်းလင်းမယ်ဆိုပြီးတော့ ထုတ်ပြန်တဲ့ နောက်ပိုင်းမှာ အလုံးအရင်းနဲ့ တိုးလာတာတွေ့ရတယ်။ အဲဒီမတိုင်ခင်ကလည်း တိုးတာလည်းရှိပါတယ်” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

၎င်းကဆက်လက်၍ “အမ်းမှာဆိုရင်လည်း ထုတ်ပြန်ချက် မထုတ်ပေမယ့် နယ်မြေရှင်းလင်းရေးအတွက် ဒေသခံ တွေ ခေတ္တနေရပ်တိမ်းရှောင်ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတယ်။ အဲဒီသတင်းတွေကြောင့် ပြေးကြ တာများတယ်” ဟု ဆိုသည်။

ယင်းသို့ နယ်မြေရှင်းလင်းမည်ဆိုသည့် သတင်းများမထွက်ပေါ်မီကတည်းက ထွက်ပြေးမှုများရှိနေပြီး နယ်မြေ ရှင်းလင်းမည့်ထုတ်ပြန်ချက် ပြန်ရုပ်သိမ်းပြီးနောက်ပိုင်းတွင်လည်း ထွက်ပြေးသူများဆက်ရှိနေကြောင်းလည်း REC မှ သိရသည်။

လက်ရှိစစ်ဘေးဒုက္ခသည်များထဲမှ ဒုက္ခသည် ၆၂,၁၃၇ ဦးမှာ စစ်ဘေးဒုက္ခသည်စခန်း ၁၄၈ ခုတွင် ရောက်ရှိ ခိုလှုံနေကြပြီး ဒုက္ခသည် ၁၂၈,၅၇၀ ဦးမှာ စခန်းပြင်ပတွင်ရောက်ရှိနေကြကြောင်း REC ၏ စာရင်းအရ သိရသည်။

“တစ်ချို့ရွာတွေမှာတော့ ထွက်ပြေးနေရဆဲ ရှိပြီးတော့ တစ်ချို့ရွာတွေမှာတော့ ယောကျ်ားတွေကနေ အခြေ အနေကြည့်ပြီး ပြန်တာတွေရှိတယ်။ သူတို့က ဒေသမှာ အဆင်ပြေသွားပြီလို့ ပြန်တာမဟုတ်ဘဲ လယ်ယာ လုပ်ငန်းတွေရှိတယ်။ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ပြီးသွားကြည့်တယ်။ အဲလိုမျိုးနဲ့ ပြန်တာပဲရှိတယ်။ လုံးဝ ပြန်သွားတာတော့ မဟုတ်သေးဘူး။ သွားပြီးပြန်ကြည့်တာလောက်ပဲ ရှိသေးတယ်”ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။

စစ်ဘေးဒုက္ခသည်များမှာ စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ နေထိုင်ရန်နေရာ အခက်အခဲများအပြင် ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာ၊ ဝမ်းလျှော၊ တုတ်ကွေးရောဂါ ဖြစ်ပွားမှုများလည်း ရှိလာနေကြောင်း REC မှ သိရသည်။

ဗီဒီယိုများ