ရခိုင်တွင် စစ်ဘေးရှောင်များ ထပ်တိုးလာမှုကြောင့် ရိက္ခာလိုအပ်ချက်များရှိနေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ ရွှေဖောင်တင်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင် ၆၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။

30 Nov 2019

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ (၁) နှစ်နီးပါးကြာမြင့်လာပြီဖြစ်ကာ စစ်ဘေးဒုက္ခသည်ဦးရေ (၉) သောင်းကျော်အထိ ရှိလာပြီဖြစ်သည်။ (ဓာတ်ပုံ - သက်နိုင်)

ခိုင်ရိုးလ ၊ ဝံသ(မောင်တော) | DMG
နိုဝင်ဘာ ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ ရွှေဖောင်တင်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင် ၆၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။

မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီးတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေခြင်းကြောင့် ကျောင်းတောင်ကျေးရွာမှ အိမ်ထောင်စု ၁၅၇ စု၊ ကျား ၂၆၀၊ မ ၃၆၅ ဦး စုစုပေါင်း ၆၂၅ ဦးမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့က ပန်းမြောင်းကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် ပန်းမြောင်းကျေးရွာမှ ကူညီထောက်ပံ့ပေးထားသော်လည်း ၎င်းတို့မှာ ရိက္ခာနည်းပါးလာခြင်းနှင့် တခြားကူညီမည့်အဖွဲ့စည်းများ လာရောက်ခြင်းမရှိသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြာင်း ပန်းမြောင်းတိုက်နယ်ပရဟိတအသင်း အတွင်းရေးမှူး ဦးမျိုးခိုင်ထွန်းက ပြောသည်။

“စစ်ဘေးရှောင်တွေအတွက် ရိက္ခာကအခက်ခဲဖြစ်နေတယ်။ ကျောင်းတောင်မှာ ဒီနေ့လည်းတိုက်ပွဲဖြစ်နေတယ်။ ရွာပြန်လို့မရဘူး။ သူတို့အတွက်အခုဆိုရင် ရိက္ခာပြတ်တော့မယ်။ လက်ရှိမှာ ပန်းမြောင်းတိုက်နယ် ပရဟိတအသင်းကပဲ တတ်နိုင်သလောက် ထောက်ပံ့ထားရတယ်။ ရိက္ခာကအဓိကပါ။ ကျနော်တို့အသင်းဆီကိုလည်း ကူညီထောက်ပံ့ပေးမယ့်သူမရှိဘူး။ မလာကြဘူးဆိုတော့ ကျနော်တို့မှာလည်း မရှိတော့ဘူးဖြစ်နေတယ်” ဟု ဦးမျိုးခိုင်ထွန်းက ဆိုသည်။

ထိုစစ်ဘေးရှောင် ၆၀၀ ကျော်တို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာတို့ကို အကူအညီတောင်းခံထားသော်လည်း တစ်စုံတစ်ရာ မထူးခြားသေးကြောင်း ၎င်းက ဆိုသည်။

“မင်းပြားထွေ/အုပ်ရုံးတို့ကိုလည်း လက်ရှိစစ်ဘေးရှောင်စာရင်းတွေ ကျနော်တို့တင်ပြထားတာရှိတယ်။ ဒါပေမယ့် တစ်ယောက်မှ လာမကြည့်ကြတော့ ပိုဆိုးတာပေါ့ဗျာ” ဟု မျိုးခိုင်ထွန်းက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်ကို DMG က ဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ထို့ပြင် ရသေ့တောင်မြို့နယ် ကံပြင်စစ်ဘေးရှောင်စခန်းတွင်လည်း စစ်ဘေးဒုက္ခသည်ဦးရေ ထပ်တိုးလာမှုကြောင့် စားနပ်ရိက္ခာလိုအပ်မှုများ ရှိနေသည်။

“အလွန်မှအခက်အခဲဖြစ်နေပါတယ်။ စခန်းမှာကလည်း စစ်ဘေးရှောင်တွေက တစ်စတစ်စများလာနေပါတယ်။ ကံပြင်စစ်ဘေးရှောင်စခန်းကို စတည်တာ ၅ လကျော်ပါပြီ။ လူကယ်ပြန် က နှစ်ကြိမ်သာ ထောက်ပံ့ပေးပါသေးတယ်။” ဟု စခန်းတာဝန်ခံ ဦးမောင်သိန်းထွန်းက ပြောကြားသည်။

လက်ရှိမှာ ကံပြင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၇၃ စု လူဦးရေ ၄၀၀ ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့်  နေရပ်စွန့်ခွာထွက်ပြေးသွားကြသည့် ကျေးရွာပေါင်း ၃၁ ရွာရှိပြီး ကျေးရွာများတွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်း ၂၆ ခုရှိကြောင်း ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက ပြောသည်။

“တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာ စစ်ဘေးရှောင်စခန်း ၂၆ နေရာဖွင့်လှစ်ထားပါတယ်။ ခနောင်းကြီးနဲ့ ရွာသစ်ကေမှာ စစ်ဘေးရှောင်စခန်းကြီးနှစ်ခု အစိုးရကတည်ဆောင်နေတာရှိတယ်။ ၅၀ ရာခိုင်နှုန်းပဲ ပြီးပါသေးတယ်။ လူနေလို့မရသေးပါဘူး။ စစ်ဘေးရှောင်တွေ လိုအပ်တာတွေကိုတော့ လူကယ်ပြန်က ထောက်ပံ့နေပါတယ်” ဟု ၎င်းကဆိုသည်။

ရသေ့တောင်မြို့ပေါ်ရှိ ဓညဝတီဘုန်တော်ကြီးကျောင်းစခန်း (၁) (၂)၊ ပြည်လုံးချမ်းသာကျောင်း၊ သာဿနဗိမ္မာန်ကျောင်း၊ ရွှေကျင်ကျောင်း၊ ဇောတိပါလကျောင်း၊ ဓမ္မာရုံကျောင်း၊ ပုပ္ပာရုံကျောင်း၊ ကိန်းသားဓမ္မကျောင်း၊ ပရဟိတ္တကျောင်း စသည့်စခန်း ၁၀ နေရာတွင် စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ရှိကာ ကျေးရွာမှ စစ်ဘေးရှောင်စခန်း ၂၆ နေရာတွင် လူဦးရေ ၁၇၀၀၀ ခန့်အထိရှိကြောင်း ရသေ့တောင်မြို့နယ် ပရဟိတအသင်းမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၁) နှစ်ခန့်မျှ ကြာမြင့်လာပြီဖြစ်ကာ တိုက်ပွဲအကျိုးဆက်ကြောင့်  ကျေးရွာသားများမှာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာနေရာများ၊ စစ်ဘေးဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသော စစ်ဘေးဒုက္ခသည်ဦးရေ (၉၃၀၀၀) ကျော်အထိ ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ