ရခိုင်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦးမှ အနိုင်ရခြင်းမရှိ

ရခိုင်ပြည်နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၉ ဦးတွင် အနိုင်ရရှိသူမရှိကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

By ကျော်သူဌေး 10 Nov 2020

ကျော်သူဌေး | DMG
နိုဝင်ဘာ ၁၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၈ ဦးတွင် အနိုင်ရရှိသူမရှိကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

အမ်းမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ရပ်ကွက်လေးခုနှင့် ကျေးရွာ အုပ်စု ရှစ်ခုတွင်သာ မဲပေးခွင့်ရရှိကြသည့် အဆိုပါမြို့နယ်၌ တပ်မတော်သားများရှိသည့် နေရာများမှာသာ မဲရုံများ ချပေးထားပြီး လုံခြုံအေးချမ်းသည့်ဒေသများ၌ ကျင်းပခြင်းမရှိ၍ ရှုံးနိမ့်ရခြင်းဖြစ်ကြောင်း ဆိုသည်။

"ရှင်းရှင်းလင်းလင်းပြောရရင် တရားမျှတမှု လုံးဝမရှိဘူး။ စစ်တပ်က မဲတွေက အကုန်လုံးကြံ့ခိုင်ရေးကို ရောက်သွားတယ်။ အဲဒါကြောင့်ရှုံးတာ” ဟု ဦးမြသန်းက ပြောသည်။

မဲဆွယ်စည်းရုံးရာတွင် တခြားပါတီများနည်းတူ ငွေကြေးအမြောက်အများသုံးပြီး မစည်းရုံးနိုင်သဖြင့် ရှုံးနိမ့်ရခြင်း ဖြစ်သည်ဟု အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးကျော်လွင်ကဆိုသည်။

“အဓိကတော့ တစ်သီးပုဂ္ဂလဆိုတဲ့ နာမည်တစ်ခုလည်းပါတယ်။ သူများတွေမှာက ငွေကြေးမြောက်များစွာကိုင်ပြီး သုံးနိုင်တယ်၊ ကျနော်တို့မှာက မသုံးနိုင်ဘူး။ ကျနော်တို့က ကိုယ့်ရဲ့ရိုးသားမှု၊ ဂုဏ်တစ်ခုနဲ့ အမျိုးသားရေးကို စစ်စစ်မှန်မှန်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့သွားနေတာ။ ငွေကြေးအများအပြား သုံးနိုင်တဲ့သူတွေကသာ အနိုင်ရ သွားတာပေါ့” ဟု ၎င်းက ဆက်၍ပြောသည်။

ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများမှာ မာန်အောင်မြို့နယ်မှ ၃ ဦး၊ ရမ်းဗြဲမြို့နယ်မှ ၁ ဦး၊ အမ်းမြို့နယ်မှ ၂ ဦး၊ စစ်တွေမြို့မှ ၁ ဦး၊ ဂွမြို့နယ်မှ ၁ ဦး၊ တောင်ကုတ်မြို့နယ်မှ ၁ ဦးနှင့် သံတွဲမြို့နယ်မှ ၃ ဦးတို့ ဖြစ်ကြသည်။

အလားတူ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မာန်အောင်မြို့မှ ၂ ဦး၊ ဂွမြို့မှ ၁ ဦး၊ သံတွဲမြို့မှ ၁ ဦးတို့ တစ်သီးပုဂ္ဂလ ဝင်ပြိုင်ခဲ့ကြကာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)တွင် တစ်ဦးနှင့် မဲဆန္ဒနယ် အမှတ်(၁၁)တွင် တစ်ဦးတို့ကလည်း တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဗီဒီယိုများ